မဲခေါင်၊ သြဂုတ် ၈
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ် ၊ မိုင်းပျဉ်းဘက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ သြဂုတ်လ ၇ ရက် ၊ ညနေပိုင်း ၃နာရီခွဲကျော်မှာ ဟိုပုံးမြို့ပေါ်ကို လေယာဉ် ၄ စီး ဝဲနေတာတွေ့ရပြီးနောက် မိုင်းပျဉ်းက စော်တောရွာ အရှေ့ဘက်ကိုစစ်ကောင်စီက ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ဟိုပုံးဒေသခံတွေဆီက သိရပါတယ်။
“အဲဖက်မှာ ရှမ်းစိမ်း(sspp) နဲ့ “၀” တပ်တွေ ရှိတယ်ကြားတယ်၊ အထိအခိုက်တော့ မသိရဘူး၊ ရွာတွေပေါ်တော့ ဗုံးကျတာ မဟုတ်ဘူး”လို့ မိုင်းပျဉ်းတိုက်နယ် ဒေသခံ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
ဗုံးကြဲခံရတဲ့ စော်တောရွာ အရှေ့ဘက်က နမ့်ပါချီး၊ ဆနင်း နဲ့ နားတစ် ဘက်တွေမှာ SSPP စခန်းတွေရှိသလို UWSA တပ်ဖွဲ့ဝင်တွေလဲ လှုပ်ရှားနေတယ်လို့ သိရပါတယ်။
အခြားသတင်းတွေမှာတော့ ဆနင်းတောင်ကြောက နားစင်းရွာ နားမှာ ဗုံးကျလို့ ပြည်သူနေအိမ်နဲ့နတ်စင် ဗုံးဆံထိမှန်တယ်လို့ တွေ့ရပါတယ်။
SSPP ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဟာ လက်ရှိ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး မိုင်းရယ်မြို့မှာ တပ်စွဲထားသလို UWSA တပ်တွေကလည်း ဘက်မလိုက်မူဝါဒနဲ့ရပ်တည်တယ်လို့ ဆိုပြီး တန့်ယန်းမြို့ကို ဝင်ရောက်တပ်စွဲထားတာရှိပါတယ်။
MK-012








