မဲခေါင်၊ ဩဂုတ် ၈
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်သုံးဆီဈေး အဆမတန် မြင့်တက်နေပြီး အကန့်သတ်နဲ့သာ ရောင်းချပေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီ လိုသလောက် မရနိုင်တော့တာကြောင့် စက်လှေပြေးဆွဲသူတွေ တချို့ရက်တွေမှာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲလာတယ်လို့ ဆိုပါတယ်။
“ညောင်ရွှေမှာ တန်းစီတော့လည်း ခရီးသည်လာတဲ့အချိန် ကိုယ်မရှိရင် သူများနား ရောက်သွားတယ်။ အင်းထဲမှာဝယ်လို့ရတဲ့ နေရာကျတော့လည်း ဈေးကကြီးတော့ နေ့တွက်နဲ့ မကိုက်ဘူးလေ။ ဆီမရတဲ့ရက်ဆို နားရတယ်” လို့ စက်လှေမောင်းသူတွေက ပြောပါတယ်။
ဇူလိုင်လတုန်းက အင်းလေးဒေသမှာ ဒီဇယ် တစ်ဂါလံ ၁၁၀၀၀ ကျပ်၊ ၉၂ တစ်လီတာ ၄၅၀၀ ကျပ်သာ ရှိခဲ့ပေမယ့် ဩဂုတ်လ အစမှာတော့ ဒီဇယ် ၁၈၀၀၀ ကျပ်နဲ့ ၉၂ က ၆၀၀၀ ကျပ်အထိ မြင့်တက်လာတာပါ။
ဒါ့အပြင် ညောင်ရွှေမြို့ကတဆင့် ဝယ်ယူပြီး အင်းလေးဒေသတစ်ခွင်ကို ဖြန့်ဖြူးနေတဲ့ ကုန်သည်တွေကိုလည်း တစ်ဦးနှုန်းကို ၅ သောင်းကျပ်နှုန်းသာ ရောင်းချပေးတော့တယ်လို့ ဆိုပါတယ်။
“ဈေးနေ့က ရောက်နေပြီ ဆီက မရနိုင်ဘူး။ မရလို့ စက်လှေငှားတော့လည်း သူတို့လည်း ဆီမရှိဘူးလေ။ ၅ ရက်တစ်ဈေးတောင် ပုံမှန်မရောင်းနိုင်တော့ဘူး” လို့ ဈေးပတ်လိုက်ရောင်းသူ တစ်ဦးက ပြောပါတယ်။
အင်းလေးဒေသမှာ စက်သုံးဆီဈေး မြင့်တက်ပြီး လိုသလောက် မရနိုင်တာတွေကြောင့် စက်လှေပြေးဆွဲသူတွေနဲ့ စက်လှေနဲ့ သွားရောက်ဈေးရောင်းချရသူတွေဟာ တချို့ရက်ပိုင်းတွေမှာ အလုပ်အကိုင်ရပ်ထားရပြီး အရေးကြီးအရေးပေါ် ကိစ္စတွေအတွက်လည်း သွားရေးလာရေး ခက်ခဲနေပါတယ်။
ဒါ့အပြင် အင်းလေး – ညောင်ရွှေ စက်လှေခလည်း ၂၅၀၀ ကျပ်ကနေ ၃၀၀၀ အထိ မြင့်တက်လာပြီး အင်းလေးတစ်ခွင် အိမ်တိုင်းနီးပါး အသုံးပြုနေတဲ့ အောက်ပိုင်းခြေ (Honda) တွေလည်း ဓါတ်ဆီဈေးမြင့်တက်မှုကြောင့် လက်နဲ့လှော်ခတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK-014








