မဲခေါင်၊ သြဂုတ် ၃
UWSA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ “ဝ”ဒေသ ဟိုပန်မြို့မှာ ကုန်စုံဆိုင်တစ်ဆိုင်ကို ဩဂုတ်လ ၂ ရက် ညသန်းခေါင်ကျော် ဩဂုတ်လ ၃ ရက် မနက် ၁ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရပြီး ကလေးတစ်ဦး သေဆုံးကာ မိသားစုဝင် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။
ဓားပြတိုက်ခံရတဲ့ ကုန်စုံဆိုင်ဟာ ဟိုပန်မြို့၊ မွန်းဆန်း (Moon Sun) ကုန်စုံဆိုင်ဖြစ်ပြီး မိသားစုဝင် ၄ ဦးကို ဓားပြတွေက ရန်ပြုလို့ ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၅ နှစ်အရွယ်ကလေးငယ်ဟာ ဒီမနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
“စိုးရိမ်ရလို့ ကျိုင်းတုံဆေးရုံအထိ ပို့ဖို့ စီစဉ်နေတယ်။ ဒါ ‘ဝ’ ဒေသမှာ ပထမဆုံး ဓားပြမှုပဲ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဟိုပန်ရဲတပ်ဖွဲ့က သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပြီး ဒီဖြစ်စဉ်ဟာ UWSA က ဟိုပန်ကို ထိန်းချုပ်ပြီးနောက် ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဓားပြတိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပိုမိုရရှိဖို့ မဲခေါင်က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
UWSA ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေကို ညီနောင်မဟာမိတ်တွေထံက ဇန်နဝါရီ ၁၀ ရက်နေ့က လွှဲပြောင်းယူပြီး ပြည်နယ်ရဲ့ ခရိုင် ၁ ခုအဖြစ် ဇွန်လ ၁၃ ရက်မှာ သတ်မှတ်ပြီး ဇွန်လ ၂၈ ရက်မှာ ဦးညီနပ်ခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
MK – 012
Source – Wa Land News








