မဲခေါင်၊ ဩဂုတ် ၃
အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်တိုင်းတစ်ခုဖြစ်တဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခ ကို ကိုးကန့်တပ်ဖွဲ့ – MNDAA နဲ့ မဟာမိတ်တပ်တွေက ဩဂုတ်လ ၃ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက မဲခေါင်ကို ပြောပါတယ်။
ရမခ စခန်းရုံးထဲမှာ ခံစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး လုံးဝ ဆုတ်ခွာသွားပြီဖြစ်ကာ MNDAA နဲ့ ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းလျက်ရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဒီနေ့မနက်မှာ မဲခေါင်ကို ပြောပါတယ်။
“လက်နက်ချတယ်လို့တော့ ပြောလို့မရပါဘူး။ သူတို့(စစ်ကောင်စီတပ်တွေ) ခွာစစ်ဆင်သွားတယ်။ အမှတ် (၈) လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ရင်းဘက်ကို နေရာပြောင်းပြီး ခံစစ်ဆင်မယ်လို့တော့ စကစဘက်က ထုတ်ပြန်ကောင်းထုတ်ပြန်ပါလိမ့်မယ်။ လစရ (၈)ဘက်ကို ဆုတ်ခွာသွားနိုင်တယ်ဆိုတာကတော့ ကျနော့်ခန့်မှန်းချက်ပဲဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း လားရှိုးရမခကို အပြီးသတ်သိမ်းနိုင်ပြီလို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဩဂုတ်လ ၂ရက်က ထွက်ပေါ်လာတဲ့ လားရှိုးစစ်ဆေးရုံက လူနာတွေကို ကယ်ထုတ်နေတဲ့ ဗီဒီယိုအရ ရမခ ဟာ အနှေးနဲ့အမြန် ကျတော့မှာ ပေါ်လွင်တယ်လို့ လားရှိုးဒေသခံတစ်ဦးကလည်း မဲခေါင်ကို ပြောပါတယ်။ လားရှိုးစစ်ဆေးရုံဟာ ရမခတိုင်းမှူးရုံးနဲ့ သိပ်မဝေးတော့ဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
“မှန်းဆကြည့်ရရင် လားရှိုးမှာ စကစ တပ်တွေကုန်ပါပြီ။ လိုက်ရှင်းလင်းနေလို့သာ ဟိုနည်းနည်း ဒီနည်းနည်းကျန်ပြီး ရမခ ဝင်းကကျယ်၊ အလယ်ဗဟိုဖြစ်နေတော့ ဒီရက်ထဲတွေမှ အားလုံးဝင်ရောက်သွားနိုင်တဲ့ပုံ” လို့ သူက သုံးသပ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ – MNDAA အနေနဲ့တော့ လားရှိုးရမခသိမ်းတာနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
MK – 004








