မဲခေါင်၊ သြဂုတ် ၁
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရဲ့ ဗဟိုကင်းကို ကိုးကန့်တပ် (MNDAA) က ဒီနေ့ညမှာ တိုက်ခိုက်နေပြီလို့ ရှမ်းမြောက်စစ်ရေးသတင်းတွေ ရေးသားဖော်ပြနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ရမခ ဗဟိုကင်းမှာ တာဝန်ယူထားတဲ့ ဦးစီးအရာရှိဆိုသူလည်း ဒဏ်ရာရရှိထားပြီး အဲ့ဒီဗဟိုကင်းနောက်မှာ တိုင်းရုံးပဲ ရှိတော့ပေမယ့်လည်း ခက်ခက်ခဲခဲ တိုက်ယူရမယ့် အခြေအနေလို့ စစ်သက် ၁၇ နှစ်နဲ့ CDM လုပ်ထားတဲ့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
“ဗဟိုကင်းဆိုတာ တပ်တစ်ခုရဲ့ အရေးကြီးဆုံးနေရာဖြစ်ပြီး အချက်အချာမြေလို့ ခေါ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာ (Facebook) မှာ ရေးပါတယ်။
အဲ့ဒီဗဟိုကင်းဆိုတာ မည်သည့်အကာအကွယ်မှ မရှိဘဲ သွပ်ဆူးကြိုးပင် မခတ်ထားတဲ့ အခြေအနေဖြစ်ပြီး ဆေးရုံနဲ့ဆက်စပ်တည်ရှိနေတာလို့ သိရပါတယ်။
တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး လားရှိုးဒေသခံတွေကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်ရာမှာ ရမခနား တိုက်ပွဲ ဖြစ်နေကြောင်း အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ အတည်ပြုရန် ခက်ခဲနေပါတယ်။
ရမခ မကျသေးကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားနေပေမယ့် တိုက်ခိုက်ခံရတာတော့ မရေးသားကြပါဘူး။
လားရှိုးမြို့က စစ်ကောင်စီစခန်းတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေကို MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ဇူလိုင် ၂၅ ရက်မှာ ရမခ ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ ထုတ်ပြန်ခဲ့ပေမယ့် ဓာတ်ပုံသက်သေတွေတော့ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပါ။
လားရှိုးမြို့တိုက်ပွဲတွေမှာ ဗမာတိုင်းရင်းသားများ လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) တပ်တွေက ကိုးကန့်တပ် MNDAA နဲ့အတူ တိုက်ခိုက်နေပါတယ်။








