မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ (၂၁) ခလရ (၃၄၈) တို့ အထိုင်ချထားတဲ့ မိုးမိတ်ဗျူဟာကုန်းကို ဒီနေ့မနက် (၁၁း၀၀) နာရီအချိန်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ရှင်းလင်းသိမ်းပိုက်ခဲ့ပြီလို့ ဒီညမှာ ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇွန်လ ၂၅ ရက်ကနေ ဒီနေ့အထိ တစ်လကျော်ကြာ တိုက်ပွဲဝင်ခဲ့ရပြီး လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တို့ကိုအန်တုကာ မဟာမိတ်တပ်တွေနဲ့အတူ သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲမှာ မိုးမိတ်မြို့နယ်ထဲက ဗျူဟာကုန်းနှင့် ဒိုးပင်ရွာကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံး အလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုနဲ့ အရပ်သားသေဆုံးမှုကိုတော့ မသိရသေးပါဘူး။
မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း KIA တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ရဲစခန်း၊ ရွှေဇာလီရပ်ကွက်စခန်းစတဲ့ စခန်းငယ်တွေကို သိမ်းယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အောက်က ဗျူဟာကုန်းကို မသိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ပြန်ပြီး နယ်မြေစိုးမိုးထားခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းက မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဒဏ်ရာရခဲ့တယ်လို့ ရှမ်းအခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားခဲ့ပါတယ်။
အလားတူ နောင်ချိုမြို့နယ် ရွှေမုဠောရွာကိုလည်း ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်က စစ်အင်အား ဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-015








