မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၊ နယ်မြေ ၆၊ မြဝတီလမ်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ရဲ့ နာယက ဗိုလ်ချုပ်ကြီးဆေထင် ရဲ့ နေအိမ် ဝင်ရောက်ဖျက်ဆီးခံရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မနေ့ (ဇူလိုင် ၃၀)က ဗိုလ်ချုပ်ကြီး ဆေထင်ရဲ့ နေအိမ်အစောင့်တွေကို MNDAA တပ်တွေက မောင်းထုတ်ပြီးနောက် နေအိမ်အတွင်း ပစ္စည်းတွေကို ဆက်တိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ဆန်သွားယူရင်း ကြည့်လိုက်တော့ စိတ်ကြိုက် ဖျက်ဆီးထားတယ်။ အစောင့်တွေကိုတော့ ဘာမှမလုပ်ပါဘူး။ မဟာမိတ်ချင်းချင်း ဘယ်လို ဖြစ်ကြတာလဲတော့ မသိဘူး” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
MNDAA တပ်က ဗိုလ်ချုပ်ကြီးဆေထင်ရဲ့ နေအိမ်ကနေ ဘာပစ္စည်းမှ ယူဆောင်ခဲ့တာမျိုး မရှိသလို တခြား အရပ်သားတွေရဲ့ နေအိမ်ကိုလည်း ဖျက်ဆီးတာမျိုး မရှိတာကြောင့် ၂ ဖက်တပ်တွေအကြား ပဋိပက္ခတစ်ခုခု ရှိနိုင်တယ်လို့ နီးစပ်သူတွေက သုံးသပ်နေကြပါတယ်။
ဗိုလ်ချုပ်ကြီး ဆေထင်ကို ၂၀၀၅ ခုနှစ်မှာ ရှမ်းပြည်ပညာရှင်များကောင်စီ ဖွဲ့စည်းမှုနဲ့ နအဖ စစ်အစိုးရက ဖမ်းဆီးကာ ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
MNDAA ဖက်က ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ပုဂ္ဂလိကပိုင်ပစ္စည်း မကျူးလွန်ရ၊ အရပ်သားနေအိမ်ကို စစ်ရေး အဆောက်အဦးအဖြစ် အသုံးမပြုရ၊ မဝင်ရ စတဲ့ အချက်တွေ ထုတ်ပြန်ထားပေမယ့် အခုလို ဗိုလ်ချုပ်ကြီး ဆေထင်ရဲ့ နေအိမ်ကို ဖျက်ဆီးသွားတာကြောင့် ရှမ်းလူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
လားရှိုးမှာ စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် မြို့ပေါ်နေရာအများစုကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီလို့ ကြေညာထားပါတယ်။
ဇူလိုင် ၂၉ ရက်က လားရှိုးမြို့၊ ၇ ရပ်ကွက်မှ နေအိမ်တစ်လုံးကို အုပ်စုလိုက် ဖောက်ထွင်းခိုးယူနေသူ ၃၀ ခန့်အား ကိုးကန့်တပ် MNDAA က ဖမ်းမိပြီးနောက် ခိုးယူလုယက်မှုတွေ ပြတ်ပြတ်သားသား တားမြစ်ထားပြီး နောက်ထပ်မိလျှင် ပြင်းထန်စွာအရေးယူမယ်လို့ MNDAA ဘက်က ပြောဆိုထားပါတယ်။
SSPP နာယက ဗိုလ်ချုပ်ကြီးဆေထင်ရဲ့ လားရှိုးနေအိမ် ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို မဲခေါင်က ဆက်သွယ်မေးမြန်းထားဆဲပါ။
လားရှိုးမြို့ရဲ့ ဈေးကုန်း၊ နွယ်သဇင်၊ ပန်းချယ်ရီ စတဲ့ရပ်ကွက်တွေကို ဒီနေ့ မနက်ပိုင်းက လက်နက်ကြီး ကျရောက်ထားပြီး လက်ရှိ မြို့တွင်းကို ဝင်ရောက်လိုသူတွေအနေနဲ့ နားမခေါ်အထိသာ ခွင့်ပြုပေးတယ်လို့ မြေပြင်မှာ ကျန်ရှိနေသေးသူတွေဆီက သိရပါတယ်။
MK-015
ဓာတ်ပုံ – လားရှိုးမှ နေအိမ်များ ဖောက်ထွင်းဖျက်ဆီးခံရတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။








