မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီလက်ကျန်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ဒီနေ့ (ဇူလိုင် ၃၀) ထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲလို့ သိရပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက်က သကတ-၇၀၀၅( သံချပ်ကာတိုက်ခိုက်ရေးတပ်)၊ စနခ-၂၄၂ (စစ်လက်နက်ပစ္စည်းတပ်ခွဲ)၊ အဆရ-၇(အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း)နဲ့ လားရှိုးဘူတာတို့ကို ရရှိခဲ့ပြီးနောက်မှာ တော်လှန်ရေးတပ်တွေဟာ လက်ကျန်တပ်တွေနဲ့ ဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
တိုင်းစစ်ဌာနချုပ်၊ တခစ-၃ (စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း၊)၊ ထပရ-၆၂၆( ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်)၊ အမတ-၃၄၆( အမြောက်တပ်ရင်း)၊ တစသ-၄ (တိုက်ပွဲဝင်စည်းရုံးရေးသင်တန်း)၊ ဝတရ-၁( ဝန်တင်တပ်ရင်း) တွေသာ ကျန်ရှိတော့တယ်လို့ စစ်ရေးသတင်း အဆက်မပြတ်ပြောပြနေသူ CDM ဗိုလ်ကြီးဇင်ယော်ထံက သိရပါတယ်။
စစ်ကောင်စီဟာ စစ်ကူနဲ့ထောက်ပံ့ပို့ဆောင်ရေးကို လုပ်ဆောင်နေတာမှာ လေကြောင်းက ချပေးတာ မထိရောက်လို့ တန့်ယန်းကနေတဆင့် ထောက်ပို့နေတာမှာ ၂၆ စီးပါ စစ်ယာဉ်တန်း တန့်ယန်းကိုရောက်ရှိပြီး မနေ့ညနေပိုင်းမှာ ၈ စီး ထပ်တက်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းက စစ်ဗျူဟာ ၁ ခုလည်း အားဖြည့်လာတယ်လို့ သိရပါတယ်။
လားရှိုးအကျဉ်းထောင်ကနေ NLD ဦးထွန်းထွန်းဟိန်လွတ်မြောက်မှုမှာ “မိသားစုတွေနဲ့ အဆက်အသွယ်ရပါပြီ” လို့ မိသားစုဝင် ၁ ဦးက မဲခေါင်က မေးမြန်းချက်ကို အတည်ပြုဖြေကြားပါတယ်။
အခြား နိုင်ငံရေးအကျဉ်းသးတွေနဲ့အခြားအမှုတွေ လွတ်မြောက်မှုအသေးစိတ်ကိုတော့ ခုချိန်ထိ စုံစမ်းဆဲဖြစ်ကာ လားရှိုးမြို့ရဲ့ ရပ်ကွက် နေရာအတော်များများကို MNDAA တပ်ဖွဲ့ဝင်တွေက လှည့်ကင်းတွေ လှည့်လည်နေတယ်လို့သိရပါတယ်။
MK-012









