မဲခေါင်၊ ဇူလိုင် ၂၈
ထိုင်းထိပ်တန်းအရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Milk Tea Alliance Thailand နဲ့ Thai People’s Network for Myanmarese People တို့ဟာ ထိုင်းအစိုးရအနေနဲ့ ပြည်သူကို ပြန်လည်သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို သပိတ်မှောက် Boycott လုပ်ဖို့ ဇူလိုင် ၂၅ ရက်နေ့မှာ စာရေးသားပေးပို့ခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။
ဒီအဆိုပြုလွှာကို ထိုင်းအမျိုးသားလုံခြုံရေးကော်မတီ၊ နယ်စပ်ရေးရာဌာန၊ အမျိုးသားမဟာဗျူဟာဌာန၊ အမျိုး သားပြုပြင်ပြောင်းလဲရေးဌာနတွေဆီ တင်သွင်းခဲ့တာဖြစ်ကြောင်း အရပ်ဖက်ကွန်ရက်အဖွဲ့ရဲ့ Nitchakarn Rakwongrit က ဇူလိုင် ၂၇ ရက်နေ့မှာ ထိုင်း The Reporters မီဒီယာကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဟာ ကနဦးစင်ကာပူဘဏ်တွေကို အသုံးချပြီး ပြည်သူကို ပြန်သတ်တဲ့ စစ်လက်နက်တွေကို ဝယ်ယူမှုမှာ ငွေကြေးဖလှယ်မှုတွေ လုပ်ခဲ့ရာက စင်ကာပူအစိုးရက ပိတ်ပင်လိုက်ပြီးနောက် ထိုင်းဘဏ် ၅ ခုနဲ့ လက်နက်ဝယ်ယူမှုအတွက် ငွေလဲလှယ်မှုကို ၂၀၂၂ ခုနှစ်မှာ ဒေါ်လာသန်း ၆၀ ဖိုး၊ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာသန်း ၁၂၀ ဖိုးအထိ သုံးစွဲလုပ်ဆောင်ခဲ့ကြောင်း မြန်မာ့အရေး ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar’ ဆိုတဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
ထိုင်းအစိုးရက ဒီအရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ မယုတ်မလွတ်သာ ထုတ်ပြန်ထားချိန် Milk Tea Alliance Thailand နဲ့ Thai People’s Network for Myanmarese People အရပ်ဖက်အဖွဲ့အစည်းတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဘဏ်နဲ့ မြန်မာ့ရေနံနဲ့သဘာ၀ဓာတ်ငွေအင်တာပရိုက်စ် (MOGE) တို့ကိုပါ စင်ကာပူနဲ့အနောက်နိုင်ငံတွေ နည်း အတိုင်း Boycott လုပ်ဖို့ စာရေးတားတိုက်တွန်းခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့အဓိက ဝင်ငွေရင်းမြစ်က ထိုင်းအစိုးရပိုင် PTT Group ရဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ ဝယ်ယူမှု ကနေ ရရှိတာဖြစ်လို့ ဒီငွေတွေကနေ မြန်မာစစ်ကောင်စီဟာ လက်နက်တွေ တင်သွင်းနေမှုဟာ စိုးရိမ်စရာ အခြေ အနေဖြစ်ကြောင်း၊ ဒါကြောင့် ထိုင်းဘဏ်တွေကို စစ်ကောင်စီ အသုံးပြုနေမှုကို ပိတ်ပင်သလို မြန်မာ့စီးပွားရေး ဘဏ်နဲ့ MOGE ကိုပါ သပိတ်မှောက်ပိတ်ပင်ဖို့ တိုက်တွန်းစားရေးသားပေးပို့တာဖြစ်ကြောင်း ဒီ အရပ်ဖက် အဖွဲ့ အစည်းများ ဥက္ကဌ ထိုင်းအောက်လွှတ်တော်အမတ် ရမ်စီမန်ရုမ်းစ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး နောက်လထဲ ဘန်ကောက်ကိုသွားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ထပ်မံတင်ပြတောင်းဆိုသွားမယ်လို့ ရှင်းလင်းပြောကြား သွားပါတယ်။
ရမ်စီမန်ရုမ်းစ်ဟာ အရင် ထိုင်းရွှေကောက်ပွဲအနိုင်ရ Move Forward ပါတီ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖြစ် ထိုင်းမှာ အတိုက်အခံခေါင်းဆောင်တစ်ယောက်ဖြစ်သလို တာချီလိတ်မှာ မူးယစ်ဆေး ရောင်းချရမှုကငွေနဲ့ လျှပ်စစ်မီးဝယ်ယူ ရောင်းစားသူ ထွန်းမင်းလတ်အမှုကို ထုတ်ဖော်တင်ပြရင်း ထွန်းမင်းလတ် နဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာယွတ်ရဲ့ လူယုံ ထိုင်းအထက်လွှတ်တော် အမတ် ယူပါကစ်တို့ကိုပါ အရေးယူဖို့ ရုံးတင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းအစိုးရဟာ နောက်ပိုင်း ဖမ်းဆီးထားတဲ့ ယူပါကစ်ရဲ့ သားမက်နဲ့ ထွန်းမင်းလတ်တို့ကို အမှုကနေ လွှတ်ပေးခဲ့တာကြောင့် ထိုင်းရာဇဝတ်တရားရုံးရဲ့ ဆုံးဖြတ်ချက် စိုးရိမ်ပူပန်စရာ လို့ ဝေဖန်ခဲ့သူလည်းဖြစ်ပါတယ်။
Ref: prachataienglish
MKF-001







