မဲခေါင်၊ ဇူလိုင် ၂၇
ကရင်နီပြည်၊ လွိုင်ကော်မြို့ တည်ငြိမ်သယောင် ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေဟာ တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီး စစ်တပ်မီးရှို့လို့ ၁ လအတွင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်တပ် (KNDF) က ဒီနေ့ (ဇူလိုင် ၂၇) ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်တွေမှာ ဇူလိုင် ၁ ရက်ကနေ ဒီနေ့အထိ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို ဖျက်ဆီးဝင်ရောက်ပစ္စည်းများ ခိုးယူခဲ့ကာ အိမ်တွေကို မီးရှို့ခဲ့လို့ နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း KNDF ထုတ်ပြန်ချက်က ဆိုပါတယ်။
(၁၁.၁၁) တစ်လေးလုံး စစ်ဆင်ရေးစတင်သည့်အချိန်မှ ဒီနေ့အထိ လွိုင်ကော်မြို့အနှံ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ နောက်ဆုံးအပတ်မှစပြီး စစ်ကောင်စီတပ်ဟာ မိုင်းလုံးရပ်ကွက်အတွင်း အင်အားဖြည့် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာကြောင့် KNDF တပ်ရင်းများနဲ့အတူ KA ၊ MK CDF တို့ပူးပေါင်းပြီး တန်ပြန်တိုက်ခိုက်ခဲ့လို့ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်နဲ့ မြကလပ်တောင်တို့မှာ ဇူလိုင် (၄) ရက်မှစပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ သိရပါတယ်။
ကရင်နီတော်လှန်ရေးတပ်တေနဲ့ စစ်ကောင်စီတပ်တို့ဟာ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ရပ်ကွက်များတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ပြည်သူများအနေနဲ့လည်း အကူအညီတွေ ပေးကြဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီဟာ လွိုင်ကော်မြို့ တည်ငြိမ်နေသယောင် ဝါဒဖြန့်နေတာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်မပြန်ကြရန်၊ သက်ဆိုင်ရာ တာဝန်ရှိသူထံ မှန်ကန်တဲ့သတင်းအချက်အလက်ရယူရန်နဲ့ လုံခြုံရေးအတွက် စစ်ရေးသတိရှိကြရန် KNDF က တိုက်တွန်းထားပါတယ်။








