မဲခေါင်၊ ဇူလိုင် ၂၆
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ နေ့စဉ်နဲ့အမျှတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က စစ်အား ၅၀၀ ကျော်နဲ့ အခိုင်အမာတပ်စွဲထားပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဇွန်လအကုန် လွိုင်ကော်စစ်ဘေးရှောင်တွေ နေရပ်ပြန်ရောက်ကတည်းက တစ်ကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်နေတာ တစ်လကျော်ကြာပြီလို့ ဆိုပါတယ်။
“ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တော့ သူတို့က ဝင်လာတာ။ ကျနော်တို့ကလည်း မဟာမိတ်တွေ ပူးပေါင်းပြီး ပြန်တိုက်ယူနေတာ။ အနီးကပ်တိုက်ပွဲ မဟုတ်ဘူး။ အဝေးကပဲ အပြန်လှန် ပစ်ကြတာဆိုတော့ အသေအပျောက်က မသိရသေးဘူး။ ကျနော်တို့လည်း ထိထားတာတွေ ရှိတယ်” လို့ မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ မိုင်းလုံး၊ GTC တက္ကသိုလ်၊ ၆ ထပ်တိုက်၊ ၁၁ ထပ်တိုက်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး ရပ်ကွက်နေပြည်သူတွေက တိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။
“ကျနော်တို့အိမ်မှာ စစ်တပ်က တပ်စွဲထားတယ်။ တစ်ရပ်ကွက်လုံး အိမ်တွေကို အကာကွယ်ယူပြီး ပစ်နေတာ။ အခြေနေတည်ငြိမ်လို့ ပြန်ရင်တောင် နေဖို့က ရှိပါ့မလား မသိဘူး” လို့ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ကို တော်လှန်ရေး အင်အားစုတွေက ၇ လကျော်တဲ့အထိ ၈၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားခဲ့ပေမယ့် ဇွန်လအတွင်းမှာ စစ်ကောင်စီရဲ့ အင်အား ၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်မှုကြောင့် ပြန်လည်ဆုတ်ခွါပေးလိုက်ရတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့မှာ ပြန်လည် အခြေချနေထိုင်ဖို့အတွက် စစ်ကောင်စီ ထောက်ခံသူတွေက ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေပြီလို့ လူမှုကွန်ယက် စာမျက်နှာ (Facebook) မှာ မကြာခဏ ဝါဒဖြန့်နေပါတယ်။
MK-014
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါတယ်။








