မဲခေါင်၊ ဇူလိုင် ၂၅
၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ တစ်လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရယ်၊ လက်နက်ကြီးတွေကြောင့် အရပ်သား ၁၂၅ ဦး သေဆုံးပြီး ၃ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ (ဇူလိုင် ၂၅) မှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့ထိ တိုက်ပွဲ (၁) လတာ ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆၇ ဦး ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် (၉၃) အိမ်၊ ဘုန်းကြီးကျောင်း (၈) ကျောင်းနဲ့ စာသင်ကျောင်း (၇) ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရပြီး ဒေသခံ ၃၀,၀၀၀ ကျော် ဘေးလွတ်ရာကို တိန်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲ (၁) လတာ ကာလအတွင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၄) ဦး၊ အမျိုးသား (၂၄) ဦး သေဆုံးပြီး အမျိုးသား (၁၅) ဦးနဲ့ အမျိုးသမီး (၂၁) ဦး၊ ကလေး (၄) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃၇) အိမ် ဘုန်းကြီးကျောင်း (၂) ကျောင်းနဲ့ စာသင်ကျောင်း (၂) ကျောင်း ပျက်စီးသွားခဲ့ရပါတယ်။
နောင်ချိုမြို့နယ်မှာလည်း အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၈) ဦးသေဆုံးပြီး အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၃) အိမ်၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ မိုးကုတ်မြို့နယ်မှာလည်း အမျိုးသမီး (၈) ဦး၊ ကလေး (၉) ဦး၊ အမျိုးသား (၁၁) ဦး သေဆုံးပြီး အမျိုးသား (၂၆) ဦး၊ အမျိုးသမီး (၂၂) ဦးနဲ့ ကလေး (၁၀) ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် (၂၉) အိမ် ဘုန်းကြီးကျောင်း (၂) ကျောင်း ထိခိုက်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးမိတ်မြို့နယ်မှာ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦး သေဆုံးပြီး အမျိုးသား (၈) ဦး၊ အမျိုးသမီး (၄) ဦး ဒဏ်ရာရရှိကာ နေအိမ် (၅) အိမ်၊ စာသင်ကျောင်း (၂) ကျောင်း၊ လားရှိုးမြို့မှာ အမျိုးသား (၂၁) ဦး၊ အမျိုးသမီး (၁၂) ဦး ကလေး (၅) ဦး သေဆုံးပြီး အမျိုးသား (၂၇) ဦး၊ အမျိုးသမီး (၂၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၉) အိမ်၊ ဘုန်းကြီးကျောင်း (၃) ကျောင်းနဲ့ စာသင်ကျောင်း (၂) ကျောင်းနဲ့ သီပေါမြို့မှာလည်း ပြည်သူ (၅) ဦး လက်နက်ကြီးစ ထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-015








