မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၃၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ (ဇူလိုင် ၂၄) ည ၇ နာရီချိန်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီဖြစ်တယ်လို့ တအာင်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်လာပါတယ်။
TNLA အပါအဝင် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF နဲ့ မဟာမိတ်များစွာတို့ ၁ လနီးပါး တိုက်ခိုက်ခဲ့ရပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အပြီးသတ်သိမ်းယူပြီးတဲ့နောက်မှာ မိုးကုတ်မြို့ခံတွေက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အပြိုင်အဆိုင် ဖော်ပြခဲ့ပြီး TNLA ဘက်ကလည်း သိမ်းယူနိုင်တယ်လို့ အတည်ပြုထားပါတယ်။
အလားတူ မိုးမိတ်မြို့မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ စစ်ကောင်စီတပ်ရဲ့ မိုးမိတ်ဗျူဟာကုန်းကိုလည်း ဒီနေ့ နေ့လည် ၁၂ နာရီချိန်မှာ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နယ် သဲခေါ်ရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာလည်း တပ်စွဲထားတဲ့စစ်ကောင်စီတပ်က အုမ္မတီးရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
MK-015








