မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဇူလိုင် ၂၂ ရက်နေ့ ကနေ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၃ ရက် ဆက်တိုက် ဗုံးကြဲလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက် အစောပိုင်းက လောက်ကိုင်မှာ လေယာဉ်နဲ့ ဗုံး ပြန်လာကြဲတယ်။ ကိုးကန့် စစ်သားတွေလည်း ထိသွားတယ်။ တိုက် ၆ ထပ်၊ ၇ ထပ် တောင် အကုန် စုတ်ပြတ်သွားတယ်” ဒေသခံတစ်ဦးက ပြောပါတယ်။
မနက် အစောပိုင်း ၃ နာရီ မှာ တစ်ခါ၊ မနက် ၆ နာရီ မှာ တစ်ခါ အရမ်းအိပ်ပျော်နေတဲ့အချိန် ဒေသဦးစီးရုံးရှေ့မှာ လာကြဲသွားတာဖြစ်ပြီး ထိခိုက်သေဆုံး စာရင်း အတိအကျ မသိရဘူးလို့ သူက ရှင်းပြပါတယ်။
“လောက်ကိုင်မှာ ဇူလိုင်လ ၂၃ ရက် မနက် ၁ နာ ရီ ၄၀ မိနစ်ခန့်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲသွားတာ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၃ ရက်မနက် လေယာဉ်ဗုံးကြောင့် လောက်ကိုင် စျေးဟောင်းဘက်က Lucky ဟိုတယ်အစောင့် ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ ကြားရပြီး အသေးစိတ်တော့ မသိရဘူးလို့ ဆိုပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ကလည်း လောက်ကိုင်မှာ ဒုတိယအကြိမ် ဗုံးကြဲခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ပထမ ဆုံးအကြိမ် လေကြောင်း ဗုံးကြဲခဲ့ပြီး လီလိုက်အရှေ့က ဟွမ်ကြားလီဟွာဟိုတယ် ထိခိုက်ပျက်စီးခဲ့ပြီး လူသူထိခိုက်သေဆုံးမှု ရှိခဲ့တာ ဖြစ်ပါတယ်။
CJ-008








