မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းမြောက် လားရှိုးမြို့မှာ မနေ့ (ဇူလိုင် ၂၃)ညနေပိုင်းက အကျဉ်းသားတချို့ လွတ်မြောက်လာကြတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ရှိသူတွေဆီက သိရပါတယ်။
လူမှုကွန်ယက်စာမျက်နှာ Facebook မှာတော့ လားရှိုးထောင်ကနေ လွတ်မြောက်လာကြတယ်လို့ သတင်းမှား ပြန့်နှံ့နေပေမယ့် အကျဉ်းသားတွေဟာ ခြေလျှင်တပ်ရင်း ခလရ ၄၁ စစ်ကြောရေးစခန်းက လွတ်မြောက်လာကြတယ်လို့ WOPP ကအတည်ပြုပါတယ်။
“ထောင်ဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ကျွန်မတို့ အနေနဲ့ ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းက ကယ်ထုတ်သွားတယ်ဆိုတာကိုတော့ လက်ရှိအခြေနေမှာ လုံခြုံရေး အရ ကျွန်မတို့ ဖြေကြားပေးလို့မရသေးလို့ပါ” လို့ WOPP ပြန်ကြားရေး တာဝန်ခံ မဇင်မေသက်က ပြောပါတယ်။
လွတ်မြောက်လာသူတွေမှာ တော်လှန်ရေးရဲဘော်၊ CDM တွေလည်း ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို သိရတာနဲ့ တစ်ပြိုင်နဲ့ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
“လွတ်မြောက်လာကြတဲ့ နိုင်ကျဉ်းတွေအားလုံး အားတင်းထားပါ။ သူတို့နောက်မှာရော ရှေ့မှာပါ ကျွန်မတို့ နိုင်ကျဉ်းအဖွဲ့က တစ်သားတည်း ရပ်တည် ကူညီပေးသွားပါ့မယ်လို့ ကျန်ရှိနေသေးတဲ့ နိုင်ကျဉ်းတွေလည်း တစ်နေ့နေ့ ထောင်တံခါးတွေကို တူတူ ဖွင့်နိုင်ဖို့ အားလုံး ကြိုးစားပေးနေကြလို့ အားတင်းထားပေးကြပါ” လို့ WOPP တာဝန်ခံ မဇင်မေသက်က ဆက်ပြောပါတယ်။
လားရှိုးမြို့ ခလရ ၄၁၊ ၆၈ တပ်တွေကို မနေ့ ဇူလိုင် ၂၃ ရက်နေ့က MNDAA တပ်တွေ သိမ်းယူထားပြီး စစ်သုံ့ပန်း ၃၁၇ ဦး ဖမ်းမိခဲ့တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
MK-015








