မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတဲ့ ၂၉ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၅၄ လောင်းနဲ့ စစ်သုံ့ပန်းအယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က မနေ့ည (ဇူလိုင် ၂၃) မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ အတွင်း TNLA နဲ့အတူ ကျောက်မဲ PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရှိတဲ့ နမ့်ဆီလင်း ဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်လက်နက်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်လက်နက်ပစ္စည်းတွေဖြစ်တဲ့ MA1 (၂၆) လက်၊ MA3 (၁၆) လက်၊ MA4 (၄) လက်၊ MA11 (၁၂) လက်၊ MA2 (၁၀) လက် ငကျည်းမီး (၁) လက်၊ 45MM (၂) လက် 120MM (၁) လက် နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် တို့ကို သိမ်းဆည်းရမိပြီး စစ်ကောင်စီရုပ်အလောင်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


ဒါ့အပြင် မိုးကုတ်မြို့၊ ရတနာကြေးမုံကျောင်းနဲ့ ကုလားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ TNLA ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး မိုးကုတ်(အရှေ့ပိုင်း) ရဲစခန်းမှာလည်း TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ (၇၁/၈၈) တို့ဟာလည်း ဒီနေ့ နေ့လည် ၁၂နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဒီနေ့ ညနေ ၄ နာရီခွဲအချိန်မှာလည်း မိုးကုတ်မြို့နယ်၊ ချမ်းသာကြီးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေနတ် (၁) လက်၊ စစ်သုံ့ပန်း (၁၉) ဦး၊ မစိုးရိမ်ကျောင်းတိုက်မှာလည်း သေနတ် (၁၆) လက်၊ RPG (၁) လက်၊ ၆၀မမ (၁) လက်တို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း (၁၆) လောင်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့မှာလည်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ) တွေဖြစ်တဲ့ ခလရ ၄၁၊ ၆၈ တို့ကိုလည်း ကိုးကန့်တပ်မတော် MNDAA က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း အရာရှိအပါအဝင် ၃၁၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-015








