မဲခေါင်၊ ဇူလိုင် ၁၂
တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အများပြည်သူအပန်းဖြေနေရာဖြစ်တဲ့ ရွှေဝါနဒီပန်းခြံကို ပိတ်ပြီး တာချီလိတ်စည်ပင်က ဆိုင်ခန်းဆောက်လုပ်နေတာကြောင့် အများပြည်သူနားနေဖို့ နေရာပျောက်သွားပြီး ရေကြီးမှုဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အများပြည်သူ နားနေရာ ရွှေဝါနဒီပန်းခြံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက ဆိုင်ခန်းပတ်လည်ဆောက်နေတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ကျေနပ်မှုမရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ရွှေဝါနဒီပန်းခြံဟာ မြို့နယ်စည်ပင်ရုံးနဲ့ ကပ်လျက် မယ်ခေါင်ချောင်းပေါ်က တစ်ခုတည်းသော တန်ဆောင်တိုင် မီးမျှောပွဲပြုလုပ်ရာနေရာ တစ်နေရာဖြစ်ပြီး အများပြည်သူများအတွက် နားနေရာဖြစ်ပါတယ်။
“မြို့မှာ အေးဆေးထိုင်စရာဆိုလို့ အဲ့ဒီပန်းခြံတစ်ခုတည်းရှိတာ၊ အခုက ပတ်ပတ်လည် ဈေးဆိုင်ခန်းတွေ ဆောက်နေတော့ ဘယ်သွားထိုင်ရမှာလဲ လူကြီးအဆက်ဆက် မထိမကိုင်ခဲ့တာ အခု စည်ပင်အရာရှိပြောင်းမှဘဲ ပန်းခြံလဲ စီးပွားရေးလုပ်တဲ့နေရာဖြစ်နေပြီ။ နောက်ပြီး မိုးတွင်းဆို အဲ့နေရာက ရေကြီးတတ်တယ်၊ မယ်ဆိုင်ချောင်းရေအတက်နဲ့ တောင်ပေါ်ရေအကျပေါင်းရင် ရေကြီးနေကြနေရာ အခုလိုလုပ်တော့ ဘေးနားက အိမ်တွေ ဒီနှစ်မိုးကြီးရင် ရေကြီးမှာ”လို့ အနီးအနားရပ်ကွက်အတွင်းနေသူတစ်ဦးက ပြောပါတယ်။
အခုလို အဆောက်အဦအသစ်တွေ ပန်းခြံပတ်လည်ဆောက်လုပ်တာဟာ စည်ပင်အမှုဆောင်အရာရှိအသစ် ဦးကျော်မင်းထိုက် ပြောင်းလာမှ ဆောက်လုပ်ခြင်းဖြစ်ပြီး အရင်အဆက်ဆက် အစီအစဉ်မရှိခဲ့ကြောင်း၊ မြို့ခံလူထုကို အသိပေးတာလဲမရှိတဲ့အပြင် မြို့ကခန့်အပ်တဲ့ စည်ပင်ဥက္ကဌအဖြစ် ဘယ်သူ့ကို ရွေးချယ်ထားမှန်းပင်မသိကြောင်း ဒေသခံတွေထံက သိရပါတယ်။
ရွှေဝါနဒီပန်းခြံအတွင်း NLD အစိုးရလက်ထက် နာရီစင်တည်ဆောက်မယ်ဆိုပြီး အလှူငွေတွေကောက်ခံတာရှိခဲ့ပေမယ့် အကောင်အထည်ဖေါ်ခဲ့ခြင်းမရှိသလို အလှူခံပစ္စည်းနဲ့ ငွေစာရင်းမှတ်တမ်းများမှာ ပျောက်ဆုံးနေပါတယ်။
တာချီလိတ်စည်ပင်အနေနဲ့ မြို့တွင်း အခွန်ငွေတွေဖြစ်တဲ့ ဈေးကောက်ခွန်၊ ဘီးခွန်၊ ယာဉ်ရပ်နားခွန်နဲ့ ချစ်ကြည်ရေးတံတား အမှတ်(၁)ဘီခွန်၊ အပေါင်ဆိုင် လေလံခွန်တွေ ရရှိမှုကို အရင်နှစ်တွေတုန်းက အများပြည်သူသိအော် ကြေညာခဲ့ပေမယ့် အခုနောက်ပိုင်း ကြေညာခြင်း မရှိတော့ဘူးလို့လည်း သိရပါတယ်။
MK-002








