မဲခေါင်၊ ဇူလိုင် ၁၀
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်အသီးသီးရှိ အကောင့်တွေကို ငွေသားထုတ်ယူခွင့် ကန့်သတ်ထားတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရပါတယ်။
လတ်တလောမှာ ပုဂ္ဂလိက ဘဏ်တိုင်းလိုလို တစ်ပတ်မှာ သိန်း ၂၀ ခန့်သာ ထုတ်ယူခွင့်ပြုပြီး ဘဏ်ခွဲ တစ်ခုစီရဲ့ ငွေသားလက်ကျန်ပေါ် မူတည်ကာ သိန်း ၂၀ ထက် လျော့ထုတ်ပေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“မှတ်ပုံတင်နဲ့ ငွေလွှဲရင်တောင်မှ အကုန်ထုတ်လို့မရဘူး။ အကောင့်လက်ကျန်နဲ့ ချိန်ပြီးမှ မန်နေဂျာက ဆုံးဖြတ်တာ။ တစ်ပါတ် ၁၀ ရက်ကြာရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်မယ် ပြောတယ်။ ဒါပေမယ့် မယုံရဲဘူး။ အရင်က ဖြစ်တာက ဝိုင်းထုတ်လို့ ဖြစ်တာ။ အခုက ဒီအတိုင်းကို ဖြစ်နေတာဆိုတော့ သူတို့(စစ်ကောင်စီ) တော်တော်ကို အကြပ်ရိုက်နေပြီ ထင်တယ်” လို့ ရန်ကုန်တိုင်း ယုဇနပလာဇာမှာ ငွေထုတ်ယူခဲ့သူ တစ်ဦးက ပြောပါတယ်။
ငွေလွှဲနှုန်းကိုတော့ ကန့်သတ်မထားပေမယ့် တဖက် ငွေလက်ခံသူရဲ့ ထုတ်ယူမယ့် ပမာဏကို ကန့်သတ်ထားတာကြောင့် လုပ်ငန်းရှင်တွေဘက်က ကားဂိတ်ကတစ်ဆင့် ငွေသားထည့်ပေးရတာ၊ ရာခိုင်နှုန်းတွေနဲ့ ထုတ်ယူရတာတွေ လုပ်ဆောင်နေရပြီး အပိုကုန်ကျစရိတ်နဲ့ ငွေသားပျောက်ပျက်မှုတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။
“ငွေလွှဲမယ်ဆိုရင်တော့ လွှဲမယ့်ဘဏ်နဲ့ ဖုန်းဆက်ပြီး ညှိရမယ်။ သူတို့ဆီ ငွေသား နည်းနေရင် ရှိတဲ့ ဘဏ်ခွဲကို ပြောင်းလွှဲပေးရမှာပေါ့နော်” လို့ ကမ္ဘောဇဘဏ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ATM ငွေသားထုတ်ယူမှုကိုတော့ အရင်တိုင်း တစ်ပတ် ၁၀ သိန်းနှုန်း ဆက်လက်ထုတ်ယူခွင့် ပြုထားပေမယ့် မြို့ကြီးတချို့ရဲ့ ATM စက်တွေမှာ ငွေသားဖြည့်မပေးတော့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းတဲ့ ၃ နှစ်ကျော် ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကနေ အမေရိကန် ဒေါ်လာ ၂၄ ဘီလျံကျော် ရရှိခဲ့ပြီး လက်ရှိမှာတော့ အဲဒီ ဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက ဘဏ္ဍရေး အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလလောက်ကစပြီး ၅ လအတွင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ငွေသားထုတ်ယူခွင့် ကန်သတ်ကာ ငွေသားအမြောက်အမြား ရိုက်ထုတ်ခဲ့ဖူးပြီး နောက်ဆက်တွဲဂယက်အနေနဲ့ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားတာကြောင့် ဒီတစ်ကြိမ်လည်း အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်မှာကို ပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
MK-014








