မဲခေါင်၊ ဇူလိုင် ၈
ရှမ်းပြည်မြောက်ပိုင်းမှာ ရှမ်းတပ် SSPP နဲ့ တအာင်းတပ် TNLA တို့ စစ်ရေးတင်းမာနေပြီး ဇူလိုင်လ ၇ရက် ညပိုင်းက TNLA တပ်စခန်းတစ်ခုကို SSPP က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။
သီပေါဘက်မှာရှိတဲ့ TNLA စခန်းကို SSPP က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ရုပ်သံမှတ်တမ်းမှာတွေ့မြင်ရတဲ့ အခြေအနေအရ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်ခန့်ဖမ်းဆီးရမိတာကို တွေ့ရပါတယ်။
ဇူလိုင်လ ၇ရက်က နောင်ပိန်မှာရှိတဲ့ SSPP စခန်းကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ SSPP က TNLA စခန်းကို ပြန်လည်ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ် ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
“မနေ့ညက TNLA စခန်းကို ပြန်ဖမ်းတော့ PDF တွေလည်း ဖမ်းဆီးခံရတာရှိတယ်။ ပစ်ခတ်တာမျိုးတော့ မရှိဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ TNLA နဲ့ SSPP တို့ဟာ ရှမ်းပြည်မြောက်ပိုင်းအတွင်းက ကျောက်မဲ၊ နောင်ပိန်ဒေသ (ပုံဝိုးမှ ရပ်စောက်ကျောက်ဂူနယ်ဖောက်တဲ့ဘက်)၊ သီပေါမြို့နယ်အတွင်းက ကြံခင်း-ရေပူရွာတဝိုက်နဲ့ နမ့်ခမ်း-မူဆယ်တကြောက ရွှေလီမြစ်တလျှောက်မှာ စစ်ရေးတင်းမာမှုတွေဖြစ်နေတာလို့ ရှမ်းမြောက်နယ်မြေကျွမ်းကျင်သူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။



အဲဒီဒေသတွေဟာ အရင်က SSPP ထိန်းချုပ်တဲ့ ဒေသတွေပြီး ရှမ်းတပ်အချင်းချင်းဖြစ်တဲ့ RCSS နဲ့ SSPP လည်း အဲဒီဒေသတွေမှာ အကြိတ်အနယ် တိုက်ပွဲဖြစ်ဖူးတယ်လို့ သူက ပြောပါတယ်။
စစ်ရေးတင်းမာမှု၊ ထိတွေ့တိုက်ပွဲဖြစ်မှုနဲ့ ဖမ်းဆီးခံရမှုအခြေအနေတွေနဲ့ ပတ်သက်လို့ SSPP ပြောရေးဆိုခွင့်ရှိသူနဲ့ TNLA ပြောရေးဆိုခွင့်ရှိသူတွေထံ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းနဲ့ မန်းတိုင်းမှာ ဆင်နွှဲနေတဲ့ 1027 စစ်ဆင်ရေး အပိုင်း ၂ မှာ TNLA ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ PDF တပ်ဖွဲ့တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
MK – 004








