မဲခေါင်၊ ဇူလိုင် ၈ ရက်
ရှမ်းမြောက် လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေပြင်းထန်တာကြောင့် ဒေသခံလူထုတွေဟာ စစ်ဘေး ထွက်ပြေးတိမ်းရှောင်ဖို့ထွက်ခွာနေပြီး မြို့တွင်းထဲမှာ ကားလမ်းပိတ်မိ နေကြတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ လူရာချီနဲ့တစ်ခြာမြို့တွေကို တိမ်းရှောင်ဖို့ထွက်ခွာပြီး ကြံခိုင်ရေးရုံးကနေ မယ်ဟန်ဂိတ်ထိ ၅ မိုင်လောက်ကွာဝေးတဲ့လမ်းမပေါ်မှာ စစ်ရှောင်နေတဲ့ ကားတွေပိတ်နေကြတယ်လို့ လားရှိုးစစ်ရှောင်တစ်ဦးကပြောပါတယ်။
“မနေ့ရှောင်တဲ့သူတွေကြတော့ မယ်ဟန်ဂိတ်က ပေးမဖြတ်တော့ ညစောင့်ရတယ် မနက် ၄ နာရီမှ ပြန်ဖွင့်ပေးတော့ အစောထွက်လို့ရတယ် ၅ နာရီနောက် မြို့ထဲမှာ ကားတွေပိတ်နေကြတယ် မယ်ဟန်ဂိတ်က စစ်ဆေးရေးဂိတ်က ဂိတ်ကြေးတွေတောင်းလို့ အရမ်းကြားတယ် တစ်ချို့ဆိုပြန်လှည့်ပြန်တယ်” လို့ စစ်ရှောင်ဖို့ ကြိုးစားနေတဲ့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
မနေ့ည ဇူလိုင် ၇ ရက်နေ့ညပိုင်းအချိန်မှာ လားရှိုးမြို့ ခရမ ၅၀၇ တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ အတွဲလိုက်ဒုံးတွေကို ပစ်ခတ်ခဲ့ပါတယ်။
ဒုံးအတွဲလိုက်ပစ်ခတ်မှုကြောင့် နေအိမ်တချို့ ပျက်စီးမှုတွေရှိပြီး လားရှိုးမြို့ခံတွေ မြို့တစ်ဝက်ကျော်ထိ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ရာသီဥတုကြောင့် လားရှိုးစစ်ရှောင်သူတွေဟာ လမ်းပန်ဆက်သွယ်ရေး အခက်ခဲဖြစ်ခဲ့ပြီး စဉ့်အင်ဖောင်းတွေမှာလည်း မကြာခဏပိတ်မှုတွေကြုံနေရပါတယ်။
MK 011








