မဲခေါင်၊ ဇူလိုင် ၇
ရှမ်းမြောက်၊ လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းကစပြီး မြို့အထွက်လမ်းကြောင်းတွေကို ပိတ်လိုက်တာကြောင့် မြို့တွင်းကို ပြန်လှည့်လာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ ဇူလိုင်လ ၇ ရက် မနက် ၆ နာရီကျော်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေ ခမရ-၅၀၇ ရှိတဲ့ အထက်မန်အိုင်နဲ့ ကောင်းညောင်၊ ခလရ-၆၈ စခန်းတွေမှာတိုက်ပွဲတွေပြင်းထန်နေတာပါ။
စစ်ဘေးရှောင် ကားတွေကို မြို့အဝင်ကိုတော့ ခွင့်ပြုထားပြီး ဒေသခံအချို့ ဆောက်လက်စ မန်ဆူဟိုတယ်နောက်ဘက်က မြေအောက်ခန်းမှာ သက်ကြီးရွယ်အို၊ လူမမာတွေအပါအဝင် စစ်ရှောင် ရာချီခိုလှုံနေတယ်လို့ သိရပါတယ်။
ရပ်ကွက်-၁၂ လေယာဉ်ကွင်းနားက မီးပွိုင့်အနီး လက်နက်ကြီး ၁ လုံးကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လမ်းခွဲ ရတနာတိုး အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ မှာ လေယာဉ်ဗုံးတစ်လုံးကျတာမှာ လူထိခိုက်မှုရှိတယ်လို့သိရပေမယ့် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပါဘူး။
“ဖုန်းတိုင်တွေကို ကန်ထရိုက်တွေ ဆီမဖြည့်နိုင်တော့လို့ လိုင်းတွေ မကောင်းဘူးလို့ပြောတယ်၊ လားရှိုးမှ မဟုတ်ဘူး၊ ကျောက်မဲဘက်လဲ လိုင်းမရဘူး။ Oredoo ကတော့ ဆီဆက်ဖြည့်နေလို့လားတော့ မသိဘူး သုံးလို့ရတယ်”လို့ လားရှိုးဒေသ ခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့နယ်က ဒေသခံတွေဟာ ရှန်ခိုက်ကျောင်း၊ ဘဝအေးကျောင်း၊ တရုတ်နတ်ကွန်း နေရာတွေမှာ ခိုလှုံနေတာ ဦးရေ ၁ ထောင်ကျော်ရှိနေတယ်လို့သိရပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ဗုံး ၅ လုံး လေယာဉ်နဲ့ကြဲခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းတွေအပြင် ရေကန်တောင်ဘက်ကို တောက်လျှောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
လားရှိုးမြို့မှာ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တဲ့ ဇူလိုင်လ ၂ ရက် ညကနေ ယနေ့ဇူလိုင်လ ၇ ရက် နေ့လည်အထိ အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ကာ ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင် ၂ သောင်းခွဲခန့်ရှိိနေသလို မြို့တွင်း ကျန်ရှိပြည်သူ ၁ သောင်းခန့်ရှိနေတယ်လို့ ခန့်မှန်းကြောင်း လူမှုကူညီသူများထံက သိရပါတယ်။
MK-012








