မဲခေါင်၊ ဇူလိုင် ၇
တာချီလိတ်မှာ မိဘမဲ့ကလေးတွေအတွက် အလှူခံတယ်လို့ ထောက်ခံစာပြကာ နေအိမ် ဆိုင်ခန်းတွေအထဲထိ အုပ်စုလိုက် လိမ်လည်အလှူခံနေကြသူများကို အများပြည်သူ သတိထားဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
လိမ်လည် အလှူခံတဲ့အဖွဲ့မှာ အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကျော်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တစ်နေ့ကို ရပ်ကွက်တစ်ခုစီ အလှည့်ကျ ဇွတ်အတင်း ခြံဝင်းတံခါးခေါက် လူခေါ်ကာ လိုက်လံ အလှူခံနေတာပါ။
“ဌာနဆိုင်ရာနဲ့ ရပ်ကွက်ကပဲ အလှူခံသလို ဘာလိုလိုနဲ့ ဆိုင်ထဲ ဝင်လာပြီး မိဘမဲ့ကလေးတွေအတွက်ပါလို့ပြောပြီး ထောက်ခံစာတစ်ရွက်ပြ အတင်းအလှူဝင်ခံတာ အရင်ကမသိတော့ လှူလိုက်တယ်။ အလှူငွေထည့်တာနည်းရင် မကြားတကြားနဲ့ ဒီလောက်ပဲထည့်တာလားလို့တောင် ပြောသွားသေးတယ်။ ပုံစံတွေက မြို့ခံတွေမဟုတ်ကြဘူး။ ရပ်ကွက်လူကြီးပါလား ဖုန်းဆက်မေးကြည့်မယ်လို့ ပြောရင် တန်းထွက်သွားကြတာ” လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
အလှူခံသည့်အုပ်စုမှာ အသက် ၄၀ ပတ်ဝန်းကျင် အမျိုးသား အမျိုးသမီး အုပ်စုလိုက်ဖြစ်ပြီး မြို့နယ်ထောက်ခံစာပါတယ်လို့ဆိုကာ စာရွက်တစ်ရွက်ပြပြီး နေအိမ်၊ ဆိုင်ခန်းတွေထဲထိ ဝင်ရောက်ကာ အလှူခံကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အုပ်စုလိုက် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အလှူခံကြခြင်းဖြစ်ပြီး အိမ်ရှင်မှ အလှူငွေ မထည့်မချင်း ထွက်မသွားဘဲ စောင့်ဆိုင်းနေကြကာ အလှူခံသူများမှာ မျက်နှာစိမ်းများဖြစ်ပြီး မြို့ခံတွေမဟုတ်ကြကြောင်း အလှူငွေမထည့်ပါကလည်း မကြေမနပ်ကြည့်ကာ ပြောဆိုသွားတတ်ကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အခုလို လိမ်လည် အလှူခံနေသူတွေဟာ ကျိုင်းတုံ၊ မိုင်းဖြတ် မြို့တွေနဲ့ ကျေးရွာတွေမှာလည်း လိုက်လံအလှူခံနေကြပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ တွေ့ရှိပါက ဖမ်းဆီးရန် ညွှန်ကြားထားတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
MK-002








