မဲခေါင်၊ ဇွန် ၂၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ မဲဖောက်ရောင်းချနေဆဲဖြစ်တဲ့ အိမ်ကို ဝယ်လက်နောက်တစ်ဦးဆီ ထပ်မံရောင်းချမှု ဖြစ်ပွားခဲ့ပြီး ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်ပေါ် နေတယ်လို့ မဲဝယ်ထားသူတွေက ပြောပါတယ်။
အေးသာယာမြို့၊ အကွက်ကြီး ၉၊ အမှတ် ၃၄၂ နေအိမ်ကို အရင်တစ်ပတ်အတွင်း မဲတစ်စောင်ကို ၅ ထောင်ကျပ်နှုန်းနဲ့ ရောင်းချထားခဲ့ပေမယ့် ဇွန် ၂၂ မှာပဲ ဝယ်လက် နောက်တစ်ဦးကို ထပ်မံရောင်းချဖို့ အိမ်ရှင်ဘက်က စရံငွေယူထားပြီးပြီလို့ ဆိုပါတယ်။
“သူက အကြွေးဆပ်ရမယ်ဆိုလို့ သနားစိတ်နဲ့ ဝယ်ပေးတာ။ လောဘကြီးပြီး ဝယ်တာမဟုတ်ဘဲ စာနာစိတ်နဲ့ ဝယ်ပေးတာဆိုတော့ မမှန်ကန်ရင် မမှန်ကန်သလို သွားမှာပဲ။ ပြန်အမ်းငွေ ရ/မရ လည်း စိတ်မဝင်စားပါဘူး” လို့ မဲဝယ်ထားသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ပေါက်ဈေး သိန်း ၂၂၀၀ တန်ဖိုးရှိ နေအိမ်ကို သိန်း ၃၀ စရံချထားတာ ဖြစ်ပြီး လာမယ့် ဇူလိုင်လအတွင်း ပထမအရစ်ကို ပေးချေဖို့အတွက် အိမ်ရှင်နဲ့ ဝယ်လက် စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန့်ကွက်သူ ရှိ/မရှိ ရက်အနည်းငယ် စောင့်ကြည့်ပြီး ဇူလိုင်လအတွင်းမှာပဲ ငွေအကျေချေဖို့ ၂ ဘက်သဘောတူထားပေမယ့် လူမှုကွန်ယက် စာမျက်နှာ (Facebook)မှာ အိမ်ရှင်ဘက်က မဲစနစ်နဲ့ ရောင်းချနေတာကြောင့် မဲဝယ်ထားသူတွေက ပြန်အမ်းငွေ ပြန်လွှဲပေးကြဖို့ တောင်းဆိုနေကြပါတယ်။
“ပိုက်ဆံလည်း တစ်ပြားမှ မယူပါဘူး။ ဒုက္ခရောက်နေလို့ ကူညီတာပါ။ အခုတော့ ကိုယ်ကပဲ နာမည် ပျက်ရတယ်။ ကိုယ့်ကိုယ် ယုံကြည်လို့ မဲဝယ်ပေးတဲ့သူတွေကို အရမ်းအားနာ ရပါတယ်။ ပြန်အမ်းငွေ လိုချင်သူတွေကိုလည်း ပြန်အမ်းပေးစေချင်တယ်။ ကျမဝယ်ထားတဲ့ မဲအတွက်တော့ ပြန်အမ်းငွေ မယူတော့ပါဘူး” လို့ မဲကူရောင်းပေးနေသူ တစ်ဦးက ပြောပါတယ်။
မဲစရောင်းတဲ့ အချိန်မှာ အိမ်ရှင်ဘက်က မဲပေါက်သူကို အိမ်တစ်လုံး အပြီးပိုင် ပိုင်ဆိုင်ခွင့် ပေးမယ်လို့ ပြောဆိုထားပေမယ့် မနေ့ ဇွန် ၂၃ မှာတော့ မဲပေါက်သူက ၄၄.၄၄ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့်ရမယ်လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် ပြောဆိုထားပါတယ်။
“ရောင်းတုန်းက ပေါက်တဲ့သူဟာ အိမ်ကို အလုံးစုံ ပိုင်ရမယ်လို့ ပါတယ်။ အခုက ၄၄.၄၄ ရာခိုင်နှုန်းပဲ ပိုင်ရမယ်ဆိုတော့ လောင်းကစား ဥပဒေအပြင် ပုဒ်မ ၄၂၀ နဲ့ ညှိစွန်းပါတယ်။ ရောင်းလည်း ရောင်းမယ်။ စိတ်လည်း မပြတ်နိုင်ဘူးပေါ့။ အခုက ဝယ်လက်က လက်ရှောင်သွားပြီဆိုတော့ အိမ်ရှင်နဲ့ မဲပေါက်သူ ၂ ယောက်က တူတူပိုင်မယ်ပေါ့။ တော်တော်ဇယား ရှုပ်ပါတယ်” လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ အိမ်ရှင်ဘက်က စရံငွေ ပြန်ပေးပေမယ့် ဝယ်လက် မိသားစုဝင်တွေဘက်က အသရေဖျက်မှု၊ ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုနဲ့ အမှုဖွင့်တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
အိမ်ရှင်ဘက်ကလည်း မဲဆက်ရောင်းနေတဲ့အပြင် မဲဝယ်တဲ့သူထဲက ပြန်အမ်းငွေ လိုချင်သူတွေကို ပြန်လွှဲပေးနေပြီး လိုချင်သူတွေအနေနဲ့ Viber ကတစ်ဆင့် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
MK014








