မဲခေါင် ဇွန် ၁၀
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီး ပြုပြင်နေမှုကြောင့် လွိုင်စမ်ဟိုတောင် လမ်းပိုင်းနေရာမှာ ကားအစီးရေ ရာချီပိတ်မိနေပြီး လမ်းသွားလမ်းလာပြည်သူတွေအတွက် အချိန်နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။
ဇွန်လ ပထမပတ်ကတည်းက စစ်ကောင်စီလက်အောက်ခံ ခရိုနီတွေပိုင်ဆိုင်တဲ့ နေမင်းရောင်ကုမ္ပဏီက ပြင်ဆင်နေပြီး ကြိုတင်အသိပေးမှု မရှိတာကြောင့် အခုလို ယာဥ်ကြောပိတ်ဆို့နေတာလို့ ဆိုပါတယ်။
ယာဥ်မောင်းတစ်ဦးက “ကွန်ကရစ်လမ်းခင်းနေလို့ ၅ နာရီခွဲလောက် စောင့်လိုက်ရတယ်။ တောင်ကြီးကို ၆ နာရီထိုးခါနီးမှ ရောက်တာ။ တချို့နေရာတွေဆိုရင် လမ်းကကျယ်ပေမယ့် လမ်းသားအရမ်းပျက်တဲ့ နေရာတွေကို ပြင်ထားတော့ ဇွတ်မောင်းလို့မရဘူး” လို့ ပြောပါတယ်။
လမ်းပိုင်းတချို့နေရာတွေမှာ ကျောက်မိုင်းတွေပါ ခွဲနေတာကြောင့် ခြောက်ကမ်းပါး ပြိုကျတဲ့နေရာတွေမှာ ၃ နာရီကြာခန့် စောင့်ဆိုင်းရပြီး ညနေ ၆ နာရီကျော်ရင်လည်း စစ်ကောင်စီတပ်က သွားလာခွင့်မပြုတာကြောင့် ညအိပ်စောင့်နေရတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
အခုလိုလမ်းပိတ်နေတာကြောင့် ကုန်စိမ်းတွေတင်ဆောင်လာတဲ့ ကားတွေအနေနဲ့ သီးနှံပုတ်သိုးတာတွေ၊ အရေးပေါ်လူနာတွေအတွက် အလျင်မမှီနိုင်တာတွေ၊ ငွေရေး ကြေးရေး အလုပ်ကိစ္စချိန်းဆိုမှုတွေ နှောင့်နှေးကြန့်ကြာမှုတွေ ကြုံနေရပြီး ဘယ်ရက်မှာ လမ်းပြင်ပြီးမယ် ဆိုတာလည်း ကုမ္ပဏီဘက်က အသိပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ခရီးသည်တစ်ဦးက “ပိတ်မှာပေါ့။ မိုးရာသီမှ ခင်းတာကိုး။ အဲ့ဒီလမ်းကအမြဲပိတ်နေတာပဲ။ ပျက်အစဥ်၊ ပြင်ခဏခဏပါပဲ။ လမ်းကွာလတီ (အရည်အသွေး) မကောင်းတာလည်း ပါတာပေါ့။ အခုတလော ခရီးသွားရင် ထမင်းထုတ်သွားမှပဲ အဆင်ပြေတော့တယ်” လို့ ပြောပါတယ်။
အလားတူ မေလ ၂၆ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဲ့ဒီလမ်းပိုင်းမှာ ကားတွေအနေနဲ့ လမ်းချော်မှုတွေ ကြုံခဲ့ရပြီး စစ်ကောင်စီဘက်က ၂ ရက် လမ်းပိတ်ထားကာ ၂၈ ရက်နေ့ရောက်မှ လမ်းပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ဟိုပုံးနဲ့ မိုင်းပွန်မြို့နယ်ကြားက လမ်းပိုင်းနေရာတွေမှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကားရာချီပိတ်မိခဲ့ဖူးတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
အမှတ် ၄ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ တောင်ကြီး-တာချီလိတ်လမ်တစ်လျှောက် ယခု လွိုင်လင်-မိုင်းပွန်လမ်းပိုင်း ကားပိတ်နေတဲ့အပြင် မိုင်းပျဉ်းတောင်ကနေ ဆင်မောင်းအထိ လမ်းပျက်စီးပြီး မြေပြိုမှုတွေကြောင့် ကားချောက်ထဲကျပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်သေဆံးမှုတွေရှိခဲ့ပြီး ကားအစီးရေ ထောင်နဲ့ချီ ဇွန်လ ပထမ ပတ်အတွင်းပိတ်မိနေတာဖြစ်ပါတယ်။
MK-015








