မဲခေါင်၊ ဇွန် ၆
ရှမ်းပြည်အရှေ့ပိုင်း၊ ရန်ကုန်-တောင်ကြီး-တာချီလိတ် လမ်းမကြီး၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု အနီးက လမ်းပိုင်းတစ်နေရာမှာ ကားအစီးရေ ရာချီပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မနေ့ ဇွန် ၅ ညကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုနဲ့အတူ ယာဉ်ကြောပိတ်ဆို့မှုတွေ ကြုံနေရပြီး ကုန်စည်စီးဆင်းမှု နောက်ကျတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဝေးပြေး ယာဉ်မောင်းတစ်ဦးက “ရှေ့တိုးမရ၊ နောက်ဆုတ် မရနဲ့။ ဒီနေ့ နေမပူရင် မတွေးစရာပဲ။ မနေ့ညလည်း ဘာမစားရဘူး။ မနက်စာ လာရောင်းတာ အလုအယက် ဝယ်ရတယ်။ အီကြာကွေး တစ်ချောင်းနဲ့ လက်ဘက်ရည်တစ်ခွက်ကို တစ်သောင်းပေးရတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ အဝေးပြေးကား၊ ကုန်ကား၊ တွဲကားနဲ့ အိမ်စီးကားတွေ ပိတ်မိနေပေမယ့် ဆိုင်ကယ်တွေ သွားလာလို့ ရနေပြီး ယာဉ်မောင်းတွေအတွက် ရိက္ခာနဲ့ရေ အခက်အခဲ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးအဆက်ပြတ် ရွာသွန်းမှုကြောင့် ကားလမ်းပိုင်းနေရာတွေမှာ ဗွက်ထနေတာတွေနဲ့ တောင်ပြိုလမ်းပြိုတာတွေပါ ကြုံနေရတာကြောင့် ဖြည်းဖြည်းချင်း သွားနေရပြီး တောင်ကြီး – တာချီလိတ် ခရီးစဉ်ကို အရင်က ၁၈ နာရီခန့်သာ ကြာပေမယ့် ဒီရက်ပိုင်းအတွင်းမှာတော့ ၃ ရက်ကျော်ခန့် ကြာနိုင်တယ်လို့ ယာဉ်မောင်းတွေက သုံးသပ်ပါတယ်။
ခရီးသည်တစ်ဦးက “မိုင်းပျဉ်းနဲ့ သံလွင်တံတားကိုတောင် တစ်ညအိပ် ၂ ရက် စီးရတယ်။ ကားပေါ်မှာ နေစရာမရှိ၊ စားစရာမရှိ တော်တော်ဒုက္ခရောက်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ လမ်းပိတ်နေတဲ့ တာကော်လမ်းပိုင်း တစ်နေရာရှိ တာကော် သံလွှင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်ဟာ ခရီးသည်တွေအတွက် စစ်ဆေးရေး အတင်းကြပ်ဆုံး ဖြစ်ပြီး ဂိတ် ၅ ခုလုံးမှာ ခရီးသည်တွေ လမ်းဆင်းလျှောက်ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းတွေအနေနဲ့ ရှမ်းရှေ့ တာချီလိတ်လမ်း၊ ရှမ်းမြောက် မူဆယ်လမ်းနဲ့ ကရင်ပြည် မြဝတီလမ်း စတဲ့ ၃ လမ်း ရှိပြီး မူဆယ်နဲ့ မြဝတီလမ်းဟာ တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ကြားက တာချီလိတ်လမ်းပါ အခုလို အခက်အခဲ ဖြစ်နေတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းတက်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြောဆိုထားပါတယ်။
MK014








