မဲခေါင်၊ ဇွန် ၆
ရှမ်းမြောက်မှာ ဒီရက်ပိုင်း စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ နှစ်ဖက်အင်အားဖြည့်လှုပ်ရှားလာမှု များပြားလာနေလို့ ဒေသခံတွေ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပြီး နောင်ချိုမြို့နယ်၊ သုံးဆယ် စျေးကုန်းရပ်ကို ဒီနေ့ မနက်မှာဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အိမ် ၁ လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။
ယနေ့ သုံးဆယ်စျေးနေ့ ဇွန်လ ၆ ရက် မနက် ၇ နာရီခန့်မှာ နောင်ချိုမြို့နယ်၊ ကန်ကော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၄ ချက်ပစ်လို့ စျေးကုန်းရပ်၊ ဓမ္မာရုံအနီးက ဒေါ်စိုးရဲ့အိမ်ပေါ်ကျပြီး မီးလောင်သွာတယ်လို့ သိရပါတယ်။ အိမ်သားတွေ တိမ်းရှောင်နေလို့ အထိအခိုက်မရှိပေမယ့် စျေးနေ့လာတဲ့ ဒေသခံတွေတော့ ကြောက်လန့်ပြီး ပြန်ထွက်ပြေးကြရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“တမင်တကာ လူထုများတဲ့အချိန်ကိုပစ်တာ၊ တော်သေးတယ်၊ ရွာအနီးကိုပဲကျလို့ ဘယ်သူမှ မထိတာ၊ အိမ်တစ်လုံးကတော့ မီးလောင်သွားတယ်” လို့ သီပေါရောက်နေတဲ့ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ဇွန်လ ၅ ရက်ညက သီပေါမြို့တော်ခန်းမကို စစ်ကောင်စီတပ်က ကား ၆ စီး၊ အင်အားအပြည့်နဲ့တပ်စွဲလာကာ၊ ကျောက်မဲကနေ ၅ မိုင်ပဲဝေးတဲ့ ကုန်းစုံမူလတန်းကျောင်းနဲ့ တိုးဂိတ်အနီးက စံဖိတ်ရွာတွေမှာ တပ်စွဲပြီး လှုပ်ရှားလာနေတာတွေအပြင် ကျင်သီတံတားတစ်ဝိုက်နဲ့ ကျောက်မဲတောင်ပေါ်တွေမှာ TNLA နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားပြည့် လှုပ်ရှားလာနေတာတွေက တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေက ကြောက်ရွံ့စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
“ထူးခြားတာက ဌာနဆိုင်ရာတွေကို Alert လုပ်ထားသလားမသိဘူး၊ ဦးစီးမှူးတစ်ဦးက သူ့မိသားစုကို မြို့ထဲခဏထားလို့ရမလားလို့မေးလို့ ပြေးချင်အဝေးကို ပြေးမှလွတ်မှာလို့ အကြံပေးလိုက်တယ်”လို့ သီပေါဒေသခံ တစ်ဦးက ပြောပါတယ်။
ထူးခြားအခြေအနေတစ်ရပ်မှာ ကျင်သီယာယီတံတားကို တည်ဆောက်ပေးခဲ့တဲ့ ကျောက်မီးသွေး AAA ကုမ္ပဏီက ယာဉ်ယန္တရားအားလုံး လုပ်ငန်းတွေ ရပ်ဆိုင်းပြီး လုပ်ငန်းခွင်ကနေ ရွှေ့ပြောင်းနေတာဖြစ်တယ်လို့ သူကပြောပါတယ်။
တစ်ရက်မှ လုပ်ငန်းအပျက်မခံဘဲ နေ့စဉ်ကျောက်မီးသွေး တန်ချိန်ပေါင်းမြောက်များစွာကို ကျင်သီတံတားကျိုးကနေ ကဲ့သယ်နေတဲ့ ကားကြီးစီးရေများစွာဟာ တံတားနဲ့ဝေးရာမှာ စုဖွဲ့ရပ်နားထားတာ မနေ့က စတွေ့လာရတာဖြစ်တယ်လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ TNLA တပ်စခန်းတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်နေသလို ဟိုင်ဂင်သဘောတူညီချက် အရ ၁၀၂၇ စစ်ဆင်ရေးအတွင်းတိုက်ပွဲမဖြစ်ခဲ့ဘဲ ရပ်ဆိုင်းခဲ့ရတဲ့ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ တန့်ယန်းမြို့တွေမှာ နှစ်ဖက်စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတာတွေကြောင့် အချိန်မရွေး တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကို ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့နေကြတာဖြစ်ပါတယ်။
MK-012
Photo : Yangon Heritage Trust








