မဲခေါင် ဇွန် ၅
ကရင်နီပြည်၊ လွိုင်ကောင်မြို့ အကျဉ်းထောင်မှာ မနေ့ ဇွန် ၄ က လွတ်ရက်စေ့တဲ့ အကျဉ်းသား ၆ ဦး လွတ်မြောက်လာတယ်လို့ ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA)ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ ဆက်သွယ်ရေးပုဒ်မ ၁၉(စ) ပုဒ်မခွဲ ၆၆(ဂ)နဲ့ ထောင်ဒဏ်ကျခံနေတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် နိုင်ငံရေးအကျဉ်းသူ တစ်ဦးသာ ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မူးယစ်ဆေးဝါးအမှု ၄ ဦးနဲ့ တမအအမှု(တပ်မတော် အက်ဥပဒေ) တစ်ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
KPPA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “နိုင်ကျဉ်းသူကတော့ လွတ်ရက်စေ့တာပေါ့နော်။ မူးယစ်ဆေးဝါး ပုဒ်မတွေကတော့ သူတို့လျှော့ရက် ရှိတာပေါ့နော်။ အဲဒီ ခံစားခွင့်တွေနဲ့ လွတ်လာကြတာပေါ့နော်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေကို လျှော့ရက်ပေးထားတာကြောင့် ၄ နှစ်ကျခံရမယ့်သူတွေဟာ ၃ နှစ်သာ ကျခံရပြီး နိုင်ကျဥ်းတွေအတွက်ကတော့ အခုလိုခံစားခွင့် မရှိဘူးလို့ ကိုထားဖိုးက ဆက်ပြောပါတယ်။
လွတ်မြောက်လာသူတွေထဲက နိုင်ကျဥ်းသူတစ်ဦးနဲ့ အခြားအကျဥ်းသူတစ်ဦးကို KPPA က နေရပ်ပြန်ပို့ပေးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိလွိုင်ကော်အကျဥ်းထောင်မှာ နိုင်ကျဥ်း ၂၀၀ နီးပါးခန့်အကျဥ်းကျခံနေဆဲဖြစ်ပြီး ထောင်ဝင်စာ ပိတ်ခံထားရတဲ့အပြင် ကျန်းမာရေးမကောင်းတဲ့သူတွေကိုလည်း လိုအပ်တဲ့ဆေးကုသခွင့် ပေးတာမျိုး မရှိဘူးလို့ လွတ်မြောက်လာတဲ့ နိုင်ကျဥ်းတွေက ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ကလည်း လွိုင်ကော်အကျဥ်းထောင်ကနေ အကျဥ်းသား ၂၅ ဦး လွတ်မြောက်လာခဲ့ပေမဲ့ နိုင်ကျဥ်း ၁၃ ဦးသာ ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းကာလအတွင်း လွိုင်ကော်အကျဥ်းထောင်က လွတ်မြောက်လာသူ နိုင်ကျဥ်း စုစုပေါင်း ၂၀၀ နီးပါးခန့်ရှိပြီလို့ ကိုထားဖိုးရဲ့ ပြောပြချက်အရ သိရပါတယ်။
MK0-14








