မဲခေါင်၊ ဇွန် ၃
ရှမ်းပြည်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဇွန်လ ပထမပတ်အတွင်း ကားတွေကို စစ်ကောင်စီက ချောဆွဲပြီး ကရင်နီဒေသကို လက်နက်ခဲယမ်း ပို့ဆောင်ဖို့အတွက် စီစဥ်နေတယ်လို့ ကားအသိမ်းခံရသူတွေက ပြောပါတယ်။
အရင်က စစ်ကားတွေနဲ့ ပစ္စည်းပို့ဆောင်ခဲ့ရာမှာ မကြာခဏ ချုံခိုတိုက်ခိုက်ခံနေရတာကြောင့် အခုလို အိမ်စီးကားတွေ ပြောင်းလဲအသုံးပြုလာတာဖြစ်ပြီး Canter အမျိုးအစား လိုင်စင်မဲ့ကားတွေက ချောဆွဲခံရတာ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ကားအသိမ်းခံရသူတစ်ဦးက “သိမ်းတာတော့မဟုတ်ပေမယ့် စစ်တပ်ချောဆိုပြီး ဘဲဥ (ယာဥ်ထိန်းရဲ) က စစ်တပ်ကို ပေးရတယ်။ အသိဌာနဆိုင်ရာတွေနဲ့ စုံစမ်းခိုင်းကြည့်တော့ လွိုင်ကော်ဘက် လက်နက်တွေပို့ဖို့လို့ ကြားတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့ပေါ်မှာ မောင်းနှင်နေကြတဲ့ကားတွေဟာ လိုင်စင်မဲ့ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး ယာဥ်ထိန်းရဲကို နားလည်မှုသဘောနဲ့ ငွေကြေးပေးဆောင်ထားတာကြောင့် ချက်ပွိုင့်တွေမှာ ငွေကြေးတောင်းခံတာကလွဲရင် တကြိမ်တခါမှ ကားဆယ်ချီအထိ အပိုင်သိမ်းတာမျိုးမရှိဘူးလို့ ကားပိုင်ရှင်တွေဆီက သိရပါတယ်။
ဒါကြောင့် အခုလို လိုင်စင်မဲ့ကား အမြောက်အမြား သိမ်းဆည်းခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြန်ရ၊ မရ လည်း မသေချာသေးဘူးလို့ ဆိုပါတယ်။
“အရင်ကလည်း ကားသိမ်းတယ်ဆိုပေမဲ့ အထက်ကိုတင်ဖို့ အပြ တစ်စီး၊ နှစ်စီးလောက်ပဲ ဖမ်းတာပါ။ အခုလို တပြုံတခေါင်း ဖမ်းတာတော့ တခါမှ မကြုံဖူးဘူးပေါ့။ ဖမ်းလို့လည်း မရဘူးလေ၊ ဘာလို့လဲဆိုတော့ သူတို့ ပိုက်ဆံယူထားတာကိုး။ လတိုင်းပိုက်ဆံရနေတာလေ။ တပင်လုံး ခုတ်မစားဘဲ ချွေစားတာပေါ့” လို့ ကားအသိမ်းခံရသူ တစ်ဦးက ဆက်ပြောပါတယ်။
ချောဆွဲခံရတဲ့ကားတွေဟာ အစီး ၆၀ ခန့် ရှိပြီး စစ်လက်နက်တွေပို့တာအပြင် နေရပ်ပြန်စစ်ဘေးရှောင်တွေကိုလည်း လွိုင်ကော်မြို့ကို ပို့ဆောင်ပေးဖို့အတွက် အသုံးပြုသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေကတဆင့် သိရပေမယ့် အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ မတ်လတုန်းက ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ပြီးနောက် စစ်အင်အား ၅၀၀ ခန့်နဲ့ ဆီဆိုင်၊ မိုးဗြဲ၊ လွိုင်ကော် ၃ လမ်းဆုံမှာ နေရာယူထားပြီး မကြာမီရက်ပိုင်းအတွင်းမှာ လွိုင်ကော်မြို့ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကြောင့် ဒီဖြစ်စဥ်ဟာ သေချာသလောက်ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပြောဆိုထားပါတယ်။
MK-015








