မဲခေါင်၊ ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံးနဲ့ ရပ်စောက်မြို့နယ်အတွင်း ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ထပ်မံမဖြစ်ပွားကြဖို့ ဒေသခံလူထုက မနေ့ ဇွန်လ ၂ ရက်မှာ ရှမ်းဘာသာနဲ့ မေတ္တာရပ်ခံချက် တစ်စောင်ထုတ်ပြန်လာတာကို SSPP Info မှာ ဖော်ပြလာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ မေလ အတွင်းက ရှမ်းလက်နက်ကိုင်တပ်တွေဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ ဟိုပုံးမြို့နယ်ထဲက မိုင်းပျဉ်း၊ ဖာလိုင်း၊ ပါချီး၊ လိုင်းဆပ်၊ နားပိုရွာတွေနဲ့ ရပ်စောက်မြို့နယ်ထဲက အင်တော၊ ကျောက်ဂူ ကျိန်းခမ်း၊ မိုင်းလင်းနဲ့ မိုင်းယွန်းရွာတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ ဒေသခံ လူထုတွေ ထွက်ပြေးတိမ်းရှောင်ရတာ၊ အလုပ်အကိုင်တွေပျက်ယွင်းရတာ၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးရတာတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ထပ်မံပြီး စစ်ရေး ပဋိပက္ခတွေမဖြစ်စေဖို့ မေတ္တာရပ်ခံစာထုတ်ပြန်ရတာလို့ သိရပါတယ်။
ပြည်သူလူထုတွေ အေးချမ်းစွာနေထိုင်စားသောက်နိုင်ဖို့၊ စိုက်ပျိုးနိုင်ကြဖို့အတွက် တဖက်နဲ့တဖက် သေနတ်ပြောင်းမချိန်ကြဖို့နဲ့ ပဋိပက္ခတွေရပ်တန့်ပေးဖို့ ဒေသ ရဟန်းရှင်လူပြည်သူအများက မေတ္တာရပ်ခံတောင်းဆိုတယ်လို့ ပါချီး၊ မိုင်းပျဉ်း၊ လိုင်ဆပ်နဲ့နာပိုရွာတွေက ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး ထုတ်ပြန်တယ်လို့ သိရပါတယ်။
စစ်ရေးပဋိပက္ခတွေအပေါ်မှာ RCSS က SSPP နဲ့ UWSA ကတိုက်ခိုက်ခဲ့တာလို့ ဖော်ပြခဲ့ပြီး SSPP ကတော့ RCSS က ၇ ကြိမ်ခန့် တိုက်ခိုက်ခဲ့တာလို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နေ့မှာ RCSS နဲ့ SSPP တို့ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲဖို့၊ နှစ်ဖက် ထိခိုက်စေမယ့် မီဒီယာအသုံးပြုမှုကို ပိတ်ပင်တားဆီးဖို့တို့ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးနောက် ၅ လကျော်ကြာတဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလ အတွင်းမှာ တကျော့ပြန် စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာလို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေက ရဟန်းရှင်လူပြည်သူလူထုက အခုလို မေတ္တာရပ်ခံစာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
MK 012








