မဲခေါင်၊ ဇွန် ၁
TNLA နဲ့ ပတ်သက်လို့ SSPP ဘက်က ထုတ်ပြန်တဲ့စာဟာ နမ့်ခမ်းမြို့က SSPP တပ်တွေကို အဓမ္မပြောင်းရွှေ့ခဲ့တာကြောင့်ဖြစ်တယ်လို့ SSPP ပြောခွင့်က ဗိုလ်မှူးစိုင်းဖုန်းဟန်က မဲခေါင်ကို ပြောပါတယ်။
နမ့်ခမ်းမြို့နယ်ထဲက နောင်မာ့လုံရွာ၊ နောင်ခမ်းရွာ၊နောင်တိန်းရွာ၊ မန်ဟောင်းလုံရွာနဲ့ ကုံဟိုင်းရွာမှာရှိတဲ့ SSPP တပ်သား ၁၀၀ ကျော်ကို TNLA ဘက်က ကုန်တင်ကားတွေနဲ့ လာရောက် ဖမ်းဆီးပြီးခေါ်ဆောင်သွားပြီး ရွှေလီမြစ် တဖက်ကမ်းရှိ ၁၉ ရွာဘက် ပို့ဆောင်လိုက်တဲ့အပေါ် ၂ ဖက်ဆွေးနွေးပြီး ပို့ဆောင်တာလို့ TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ယေဦးက သတင်းဌာနအချို့မှာ ပြောဆိုတာဟာ မဟုတ်ဘူးလို့ SSPP ဘက်က တုံ့ပြန်ပါတယ်။
“သာလွန်အင်အားသုံးပြီးတော့မှ ကားနဲ့ အဓမ္မတင်ဆောင်သွားပြီးမှ မူဆယ်ဘက်ရွှေ့ပြောင်းလိုက်တယ်။ အဲဒါကို ညှိနှိုင်းပြီးမှ လုပ်တယ်ဆိုပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောတာပေါ့။ အဲဒါဟာ ကျနော်တို့ ညှိနှိုင်းပြီးမှ လုပ်တာမဟုတ်ပါဘူး။ တဖက်သတ် အတင်းအဓမ္မရွှေ့ခိုင်းတယ်ဆိုတာကို လူထုတွေ အဖြစ်မှန်သိအောင် ထုတ်ရတဲ့ရည်ရွယ်ချက်ဖြစ်တယ်” လို့ စာထုတ်ပြန်တာနဲ့ ပတ်သက်ပြီး SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။
SSPP ရဲ့ ထုတ်ပြန်တဲ့စာထဲမှာ TNLA ဟာ “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ ဆန္ဒမရှိကြောင်း” ရေးသားထားပြီး SSPP နဲ့ TNLA ကြားနယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက ၂ ဖက် ထိပ်သီးခေါင်းဆောင်တွေ ဆွေနွေးခဲ့တဲ့ ရလဒ်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ယေဦးကို မဲခေါင်သတင်းဌာနက ၁၀ ကြိမ်ထက်မနည်း တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
နမ့်ခမ်းမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ နယ်မြေအချို့မှာ SSPP နဲ့ TNLA ကြား နယ်မြေအငြင်းပွားမှုရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Sub National Unit လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ပံ့ပိုးထောက်ခံဖို့ ဆော်ဩနေတဲ့ အချိန်မှာ ဒီလိုဒေသတွေအတွင်း လူမျိုးရေးပဋိပက္ခနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေရင် မကောင်းဘူးလို့ နိုင်ငံရေးလေ့လာသူ ၁ ဦးက သူ့ရဲ့ အမြင်ကို ပြောပါတယ်။
ဒီလိုဖြစ်လာရင် တော်လှန်ရေးရဲ့ ရလာဒ်ကိုလည်း ထိခိုက်စေမှာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့၊ တအာန်းတပ်နဲ့ ရခိုင့်တပ်တော်တို့ဟာ နယ်မြေသိမ်းပိုက် ပိုင်ဆိုင်နိုင်တာတွေ ရှိလာပြီး ရှမ်းပြည်မြောက်ပိုင်းမှာတော့ FPNCC အဖွဲ့ဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား အငြင်းပွားမှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။
MK – 004








