မဲခေါင်၊ မေ ၃၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တကြောရှိ ကျေးရွာတွေမှာ မေလ နောက်ဆုံးပတ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က စစ်အသုံးစရိတ်အတွက် ကောက်ခံနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့က တလျနွိုး၊ ကျောက္ကဆျား၊ ဗန်းကွန် စတဲ့ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဆုံးရှုံးသွားတဲ့ လက်နက်တွေအတွက် တစ်အိမ်ကို ၅ သောင်းကျပ်နှုန်းနဲ့ ကောက်ခံနေတယ်လို့ ဖော်ပြထားပြီး PNLA ရဲ့ တာဝန်ရှိသူတွေကတော့ သတင်းမှားသာဖြစ်တယ်လို့ ငြင်းဆိုသွားခဲ့ပါတယ်။
PNLA ရဲ့ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “အခုအဲ့ဒီဘက်မှာ ပိုက်ဆံကောက်တာ၊ လူထုကို အနိုင်ကျင့်တာက စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ပဲရှိပါတယ်။ အခုလည်း သူတို့ လုပ်တယ်လို့ပဲ ယူဆပါတယ်။ ကျနော်တို့ကောက်တာ မဟုတ်ဘူး ဆိုတာ သူတို့သိတာပဲလေနော်။ ပြည်သူကလည်း ကျနော်တို့ကောက်တာ ဟုတ်လား၊ မဟုတ်လားကို ကျနော်တို့ကို တိုက်ရိုက်မေးလို့ရပါတယ်” လို့ ပြောပါတယ်။
PNLA ရဲ့ အမည်ကိုအလွှဲသုံးစားလုပ်ကာ လက်နက်ခဲယမ်းအတွက် ငွေကြေးကောက်ခံသူတွေရှိလာရင်လည်း အချိန်မရွေး တိုင်ကြားနိုင်ပြီး PNLA အနေနဲ့ ပြည်သူတွေဆီက တကြိမ်တခါမှ မထည့်မနေရသတ်မှတ်ချက်နဲ့ ငွေကြေးမကောက်ခံဖူးသလို လာမယ့်ကာလတွေမှာလည်း ကောက်ခံဖို့အစီအစဥ်မရှိဘူးလို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။
မဲနယ်တောင်တကြောက ကျေးရွာတွေမှာ ပအိုဝ်းပြည်သူ့စစ် PNA က အင်အား ၅၀၀ ခန့်နဲ့ တပ်စွဲထားပြီး စစ်အသုံးစရိတ် လစဥ်ကောက်ခံနေသလို မကြာခဏလည်း စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက္ကဆျားရွာခံတစ်ဦးက “မဲနယ်တောင်တကြောမှာက PNO တွေပဲရှိတာ၊ သူတို့ပဲ ဝင်ထွက်သွားလာနေတာ၊ PNLA က ဆီဆိုင်ကနေ တကူးတကလာပြီး ဘယ်လိုကောက်မှာလဲ။ သက်သက်မဲ့လူထုကို အယုံအကြည် ပျက်အောင်လုပ်တာ” လို့ ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း PNLA က ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပင်လောင်းမြို့နယ်၊ နောင်ဝိုး ရွာဦးဘုန်းကြီးကျောင်းဟာ မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့်ခဲ့ပြီး တကယ့်သတင်းမှန်ကတော့ မေလဆန်းပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တယ်လို့ မဲခေါင်သတင်းရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။
MK 014








