မဲခေါင်၊ မေ ၃၁
စစ်ကောင်စီဟာ ၂၀၁၇ စစ်ဆင်ရေးကာလက TNLA သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေဆီ ကုန်စည်သယ်ဆောင်တာတွေ ကန့်သတ်တင်းကြပ်လာတယ်လို့ RCSS အာဘော် Taifreedom သတင်းစဉ်က ရှမ်းဘာသာနဲ့ယနေ့ မေလ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ မြို့နယ်တွေဆီ ကုန်စည်တွေ သယ်ဆောင်တာကို အနည်းငယ်သာ သယ်ဆောင်ခွင့်ပြုပြီး လုပ်ငန်းသုံးနဲ့ စီးပွားရေးအတွက် အများအပြားသယ်ဆောင်တာကို ခွင့်မပြုတော့ဘဲ ကန့်သတ်လာတာဖြစ်လို့ အဲ့နယ်မြေက ဒေသခံတွေအတွက် အခက်အခဲတွေဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
TNLA နယ်မြေတွေထဲကို ကန့်သတ်တင်းကြပ်လိုက်တဲ့ ကုန်စည်တွေကတော့ ဆား၊ အချိုမှုန့်၊ စက်သုံးဆီ၊ စားသုံးဆီ၊ အိမ်ဆောက်ပစ္စည်းတွေနဲ့ စက်ပစ္စည်းအစုံဖြစ်တယ်လို့ ပါရှိပါတယ်။
လားရှိုးကနေ နမ္မတူဘက် အသွားကိုလည်း ပိတ်ပင်လိုက်လို့ ခရီးသွားတွေ သီပေါဘက်က ပတ်ပြီး သွားရတာမှာ လက်နက်ကိုင်တပ်ဖွဲ့ဂိတ် ၁၈ ဂိတ်ကို ငွေပေးပြီး ဖြတ်သွားနေရတယ်လို့ သတင်းစဉ်မှာ ပါရှိပါတယ်။
အခြားမြေပြင်သတင်းတွေအရဂိတ်တွေမှာ TNLA နဲ့ SSPP ဂိတ်တွေ ဖြစ်ပြီး TNLA က ဆက်ကြေးမဆောင်ရသေးတဲ့ကားတွေကို ကျပ် ၅ သောင်းက ၁ သိန်းအထိ အခွန်ကောက်ခံနေပြီး SSPP ကတော့ ဘီးလှိမ့်ခွန် ၁နှစ်စာဆိုပြီး ကျပ် ၁သိန်းကနေ ၁ သိန်းခွဲအထိ ကောက်ခံနေတယ်လို့သိရပါတယ်။
စစ်တပ်ဂိတ်တွေကတော့ ငွေပေးတာနည်းရင် မကိုက်ဘူးဆိုပြီးရစ်သလို စာရွက်စာတမ်းစစ်တာ၊ ကားစစ်တာတွေ လုပ်တယ်လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေက TNLA နယ်မြေတွေထဲ ကုန်စည်ကန့်သတ်တာမှာ ကျောက်မဲမြို့နယ်က ရွှေလုပ်ကွက်အများအပြားရှိတဲ့ မိုင်းငေါ့ဘက်ကလုပ်ငန်းသုံးစက်ယန္တရားတွေအတွက် စက်သုံးဆီအများအပြား လိုအပ်ချက်ကို အကြီးအကျယ်ထိခိုက်စေတယ်လို့ သိရပါတယ်။
“မိုင်းငေ့ါဘက်ဆိုရင် ရွှေလုပ်ကွက်တွေကို TNLA က ချပေးထားတာ၊ ခုလို စက်သုံးဆီတွေ သယ်ခွင့်မရတော့ဘူးဆိုရင် ရွှေတူးသမားတွေ အခက်တွေ့ပြီ။ ဒါပေမယ့် အရင်ပေးနေကြထက် ပိုပေးပြီး သယ်ကြတော့မှာ” လို့ သီပေါ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
မိုင်းငေါ့ဘက်နဲ့ မိုင်းလုံမြို့ဝန်းကျင်မှာ ရွှေတူးလုပ်ကွက် ၅၀ ခန့်ရှိနေတာဖြစ်ပြီး လုပ်ကိုင်ခွင့်ကို TNLA ကချပေးထားတာဖြစ်ပြီး လုပ်ငန်းရှင်တွေက စကခ(၁)နဲ့ စရဖတပ်ဖွဲ့တွေကို ၁ လ ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ ပေးဆောင်နေရတာမှာ အဓိကတော့ စက်သုံးဆီသယ်ဆောင်မှုအတွက် ဖြစ်တယ်လို့သိရပါတယ်။
အခြားမြေပြင် သတင်းအရလည်း ယနေ့မှာ ထူးခြားဖြစ်စဉ်အဖြစ် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာဘက်က TNLA တွေ စွန့်ခွာသွားတဲ့ စံဖိတ်ရွာလို နေရာတွေကို စစ်ကောင်စီတပ်အင်အားရာကျော် တပ်စွဲလာတယ်လို့သိရပါတယ်။ ဒါဟာ ရှမ်းမြောက်ကို စစ်ကောင်စီက အင်အားပိုမိုဖြည့်တင်းလာနေတာကို သိသာထင်ရှားစေလာပြီး စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်မားလာနေတဲ့ အနေအထားဖြစ်လို့ ထပ်မံပြီး တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ လားရှိုးကို လေကြောင်းနဲ့ တန့်ယန်းဘက်ကနေ စစ်အင်အား ၁၅၀၀ ခန့်ကို ယခုလအတွင်း ပို့ဆောင်အင်အားဖြည့်ခဲ့တယ်လို့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပြီး ယခု TNLA တွေထဲ ကုန်စည်တွေသယ်ဆောင်မှုကန့်သတ်တင်းကြပ်လာတာဟာ စစ်ရေးပြင်ဆင်မှုအတွက် လို့ ဒေသခံတွေက ထင်မြင်ယူဆနေပါတယ်။
MK-012








