မဲခေါင်၊ မေ ၃၀
တာချီလိတ်မြို့ပေါ် ညအချိန် ဆိုင်ကယ်ရိုက်လုမှုနဲ့ ခိုးမှုတွေ လစဉ်ပိုများလာပြီး ရဲတပ်ဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးရေး မလုပ်ဆောင်ဘဲ လောင်းကစားလုပ်ငန်းတွေမှာ လိုင်းကြေးကောက်ခြင်းသာ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ညအချိန် လူပြတ်တဲ့ လမ်းကျိုလမ်းကြားတွေမှာ မှောင်ရိပ်ခို အုပ်စုဖွဲ့ ပြီး ညအချိန် အလုပ်က တစ်ယောက်တည်းပြန်လာတတ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား ဆိုင်ကယ်ရိုက်လုမှုတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။
ဆိုင်ကယ်ရိုက်လုမှုနဲ့ ခိုးမှုကျူးလွန်သူတွေဟာ လူငယ်တွေ အုပ်စုလိုက် လုပ်ဆောင်တာဖြစ်ပြီး မူးယစ်ဆေးနဲ့ လောင်းကစား ငါးဂိမ်းခုံစွဲလမ်းနေသူတွေဖြစ်ပါတယ်။
ဆိုင်ကယ်ရိုက်လုခံရတဲ့ အမျိုးသမီးတစ်ဦးက ”ညဘက် အလုပ်ကပြန်လာတဲ့အချိန် ဆိုင်ကယ်ကို အတင်းတားပြီး ရိုက်လုတာ လူ (၅)ယောက်လောက်ရှိတယ်။ ပတ်ဝန်းကျင်မှာလည်း လူပြတ်နေတာ ခေါင်းလည်း ကွဲသွားတယ်၊ ဆိုင်ကယ်လည်း ပါသွားတယ်” လို့ပြောပါတယ်။
ရိုက်လုခံရသူမှာ မေလ ၂၆ ရက်နေ ညပိုင်းက အာခါဈေးလမ်းမပေါ်မှာ ဖြစ်တာဖြစ်ပြီး Honda Click အနက်ရောင် လုခံရကာ ရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ဦးခေါင်း ချုပ်ရပြီး တကိုယ်လုံး ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ နေ့ခင်းချိန်မှာ LED မီးတိုင်တက်ဖြုတ်နေတဲ့ရုပ်သံ လူမှုကွန်ယက်ပေါ် ပျံနှံလာခဲ့ပြီး ခြံဝင်းအတွင်း ဆိုင်ကယ်ဝင်ခိုးမှုနဲ့ ကားပစ္စည်းဖြုတ်ခိုးတာတွေ ဖြစ်ခဲ့တာပါ့။
သူခိုးအများစုဟာ ရပ်ကွက်တွေအတွင်း ဖွင့်ထားတဲ့ လောင်းကစား ငါးဂိမ်ခုံမှာ အုပ်စုလိုက် စုဝေး မူးယစ်ဆေးသုံးစွဲကာ ကျူးလွန်ကြတာဖြစ်ပါတယ်။
ခိုးမှုတွေနဲ့ ပတ်သတ်ပြီး ဒေသခံတစ်ဦးက ”ရဲတွေက သူခိုးတွေမွေးထားတာလား မသိဘူး၊ CCTV ဓါတ်ပုံနဲ့ပြတာတောင် မဖမ်းနိုင်ဘူး။ လူငယ်တွေက အလုပ်ကမရှိတော့ ပစ္စည်းတွေလိုက်ခိုးတယ်၊ ပြီးရင် ဂိမ်းဆိုင်မှာ ဆေးချကြတယ်” လို့ ပြောပါတယ်။
လမ်းဘေး လောင်းကစားငါးဂိမ်းခုံကို ရဲတွေက လိုင်း တစ်ခုံ ဘတ်(၅)ထောင်မှ ဘတ်(၁)သောင်းကြား လိုင်းကြေးယူပြီး အကာအကွယ်ပေး ဖွင့်လှစ်ထားကြတာဖြစ်ပြီး ရဲတွေအနေနဲ့ ရပ်ကွက်အတွင်း ပြသာနာပေါ်လျှင် လာရောက်မရှင်းပေးပေမယ် ဂိမ်းခုံမှာ ပြဿနာတက်ရင် ချက်ချင်းရောက်လာတတ်တယ်လို့ ဒေသခံများထံက သိရပါတယ်။








