မဲခေါင်၊ မေ ၂၈
ရှမ်းတောင်က ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်တွေမှာ တိုက်ပွဲကာလအတွင်း ဆီဆိုင်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြရာက ပျောက်ဆုံးသွားတဲ့ လူငယ်တွေကို စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ထုတ်ပြန်လာတာပါ။
ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ ထုတ်ပြန်ချက်တွေအရ လူငယ်တွေဟာ အကြောင်းမဲ့ဖမ်းဆီးခံရပြီးနောက် အသက်သေဆုံးလျက်တွေ့ရှိခဲ့ရတာဖြစ်ပြီး မသေဆုံးခင် ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေတွေ့ရှိထားတဲ့အပြင် စစ်ရှောင်နေရင်း ပစ်ခတ်ခံရခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ကြောက်လန့်ထွက်ပြေးသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်လို့ သေဆုံးတာတွေ ပါဝင်တယ်လို့ သိရပါတယ်။
မေလ ၂၂ ရက်နေ့က ဟိုခဲရပ်ကွက်၊ မှိုးငွေအိမ် အနောက်ဘက်မှာ မြုပ်နှံထားတဲ့ အလောင်း ၃ လောင်းကိုတွေ့ရှိချက်အရ ပျောက်ဆုံးသွားတဲ့ လူငယ်တွေဖြစ်တဲ့ မောင်အောင်မြတ်ကျော် ၁၉ နှစ်၊ မောင်အောင်ပြည့်စုံ ၂၂ နှစ်နဲ့ မောင်ဇာနည်သူ ၂၁ နှစ် တို့ဟာ ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခံထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကလေးတွေကို လက်ပြန်ကြိုးတုတ်ပြီး ခေါင်းတွေကို သေနတ်နဲ့ပစ်သတ်ထားတာ၊ ပြီးတော့ တစ်ကျင်းထဲ ထပ်မြုပ်ထားတာ၊ မှတ်ပုံတင်တွေနဲ့အဝတ်အစားတွေကြောင့် သူတို့မှန်းသေချာသိတာ”လို့ မောင်အောင်မြတ်ကျော်ရဲ့ ဖခင်ဖြစ်သူ ဦးလှထွေးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မောင်အောင်မြတ်ကျော်ဟာ ဆီဆိုင် အထက်တန်းကျောင်းမှာ ပညာသင်ဆဲ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ညီနဲ့ ညီမဖြစ်သူ ၂ ဦးကျန်ခဲ့တယ်လို့ သိရပါတယ်။ ကျန်အသတ်ခံရတဲ့ လူငယ် ၂ ဦးကတော့ ကျောင်းသားတွေမဟုတ်ကြဘူးလို့ သိရပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ထုတ်ပြန်ချက်အရ ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၁၆၂ ရက်အတွင်း အရပ်သားသေဆုံးမှု ၇၅ ဦး၊ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု ၉၉ ဦး၊ အဆောက်အဦ ၉၆၄ လုံးပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူပေါင်း ၅၉၀၀၀ နှင့်အထက်ရှိတယ်လို့ သိရပါတယ်။
MK-012








