မဲခေါင်၊ မေ ၂၇
ရှမ်းတောင်၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်လင်လေးကို မနေ့ညနေပိုင်းက ရောက်လာခဲ့ပြီလို့ JOBS For Kayah က မနေ့ မေလ ၂၆ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။
အဲဒီတပ်တွေဟာ ဒေါတနော၊ ကျောက်ကြီး ကျေးရွာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုးသွားတာအပြင် ပိန်းချစ်တကြောမှာ စစ်ကောင်စီအင်အားအနည်းငယ်နဲ့ အယောင်ပြပြီး ကားလမ်းမကြီး တကြောကို ထိုးတက်လာတယ်လို့ သိရပါတယ်။
အခုတက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒရုန်းတွေပါလာပြီး ဒရုန်းနဲ့ကင်းထောက်လှန်းပြီး ရွေ့လျားလာနေတာလို့ ဆိုပါတယ်။ အဲဒီ စစ်ကောင်စီတပ်တွေရဲ့ ဦးတည်ချက်က ကယန်းသာယာ၊ လွိုင်ကော်ကို ဝင်ရောက် အထိုင်ချနိုင်ရေးပဲ ဖြစ်နိုင်ပြီး လင်ဖုံလေး၊ ကုန်းသာတောင်ကြော တွေပေါ်မှာ အထိုင်ချပြီး လွိုင်ကော်၊ မိုးဗြဲကို ထိန်းချုပ်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
ဒါတင်မကဘဲ လွိုင်ကော်တမြို့လုံးကို ထိန်းချုပ်နိုင်ဖို့ လွိုင်ကော်ထဲဝင်လာမယ့် အင်အားနဲ့ ဒေါဥခူ၊ ဘာဒို၊ ထေးငျားလျား၊ မိုင်းလုံးကို အင်အားနဲ့ ထိုးလာနိုင်ပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေကို အဆမတန်သုံးပြီး မြေပြင်စိုးမိုးမှုယူလာနိုင်တယ်လို့ သိရပါတယ်။
ယင်းနေရာတွေဟာ ဒီမော့ဆိုး အနောက်ခြမ်း၊ ဘုရားဖြူ၊ နန်းမယ်ခုံ-ဒေါငံခါး လမ်းကြောကို စိုးမိုးနိုင်တာဖြစ်လို့ အခုလာနေတဲ့ လွိုင်လင်လေး-ကျောက်ကြီး စစ်ကြောင်းတစ်လျောက် တော်လှန်ရေးတပ်ဖွဲ့တွေ အထူးသတိပြုဖို့နဲ့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ ဆီဆိုင်ဘက်က ရေဖြူ၊ ထီးစဲခါးဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လွိုင်လင်လေးမှာ ပြည်သူအရပ်သား ၃၈ ဦးကို ဖမ်းပြီး လူသားဒိုင်းပြုလုပ်ထားတယ်လို့ သိရလို့ တိုက်ပွဲ၊ စစ်ကြောင်းတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ သတင်းတွေကို အမြဲမပြတ် သိရှိနေပြီး ကြိုတင်ရှောင်ရှားကြဖို့လိုအပ်တယ်လို့ သတိပေးထားပါတယ်။
MK-012








