မဲခေါင်၊ မေ ၂၇
ရှမ်းတောင်၊ အောင်ပန်းမြို့မှာ ပြီးခဲ့တဲ့မေလ ၂၅ ရက်က မီးလုံးယမ်းထောင်းရင်း ပေါက်ကွဲလို့ ဒဏ်ရာရတဲ့သူ တစ်ဦးဟာ ဆေးကုသရင်းမနေ့ မေလ ၂၆ ရက် မနက်ပိုင်းက သေဆုံးသွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၂၅ ရက် ညနေပိုင်းက မီးလုံးယမ်းထောင်းရင်းပေါက်ကွဲခဲ့လို့ ဒဏ်ရာရသွားသူ ၂ ဦးအနက် ဦးချို ၅၂ နှစ်ဟာ မနေ့မေလ ၂၆ရက် မနက် ၁၀ နာရီခန့်က တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားပြီလို့ သိရပါတယ်။
ကျန်ကုသဆဲ မောင်နီ ၁၉ နှစ်ဟာလည်း တစ်ကိုယ်လုံးလောင်ကျွမ်းခံထားရတာကြောင့် အရေးပေါ်ကုသဆဲအခြေအနေက မလွန်မြောက်နိုင်သေးဘဲ စိုးရိမ်ရဆဲ လို့ သိရပါတယ်။
အခု သေဆုံးသူဟာ အောင်ပန်းမှာ ယမ်းထောင်ရင်းပေါက်ကွဲလို့ သေဆုံးရတဲ့ တတိယမြောက်လူ ဖြစ်တဲ့အတွက် အောင်ပန်းဒေသခံတွေက လူနေရပ်ကွက်တွေထဲ မီးလုံးပြုလုပ်တာတွေကြောင့် မီးဘေးအန္တရာယ်ကြီးမားမှာကို ကြောက်ရွံ့စိုးရိမ်နေကြပြီး အများပြည်သူမထိခိုက် နို်င်တဲ့ ဘေးလွတ်ရာတွေမှာ လုပ်ကိုင်စေချင်ကြတဲ့ ဆန္ဒတွေ ရှိနေကြတယ်လို့ သိရပါတယ်။
“အဲဒိနေ့က အိမ်ထဲက ကားဘေးမှာ ဓာတ်ဆီ ၁၀ ဂါလံပုံးကို မီးဟပ်ထားတာတွေ့ရတယ်၊ ကံကောင်းလို့ မပေါက်ကွဲတာ၊ ကွဲများကွဲရင်”ကျန်အိမ်တွေပါ လောင်မှာ၊ ပြီးတော့ ၃ အိမ်ကျော်မှာ ဆီပန့်ရှိနေတာ၊ ရပ်ကွက်တွေထဲ ဗုံးပေါက်သလို ပေါက်နေတာ၊ ခုလဲ လူနိုင်လို့ကံကောင်းတာ”လို့ အောင်ပန်းဒေသခံ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ယင်း မီးလုံးခေါ် ပအိုဝ်းဘာသာနဲ့ လုဖုဲင် ဒုံးပြိုင်ပွဲဟာ ပအိုဝ်းဒေသ တစ်ခုလုံးနဲ့ တောင်ကြီးမြို့ဝန်းကျင်မှာ ရွာတိုင်းလိုလို ကျင်းပတဲ့ ရိုးရာပြိုင်ပွဲတစ်ခုဖြစ်ပြီး တောင်ကြီးမြို့မြောက်ဘက် ပေါမူရွာပြိုင်ပွဲဟာ အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။
ယမန်နှစ်က ပြိုင်ပွဲမှာ မီးလုံး အလုံးပေါင်း ၂၀၀ ကျော် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု တစ်ခုထဲကိုပဲ ကျပ်သိန်း ၄ ထောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနိုင်တဲ့ယမ်းဆရာတွေကို ရပခတိုင်းမှူး၊ လုံ/နယ်ဝန်ကြီးတို့က ယမ်းဆရာလက်မှတ်ထုတ်ပေးပြီး လက်မှတ်ရသူတွေက ယမ်းသယ်ဆောင်ခွင့်၊ လက်ဝယ်ထားခွင့်ရသလို ယမ်းစပ် ယမ်းထောင်း မီးလုံးလုပ်ခွင့်ရကြတယ်လို့ သိရပါတယ်။
အခုလူသေဆုံးမှုဖြစ်ခဲ့တဲ့ အောင်ပန်းမြို့၊ ၃ – ရပ်ကွက် နယ်မြေ ၉ က အိမ်ပိုင်ရှင် ဟာ အောင်သပြေ၊ ပန်ကွေးရွာက မီးလုံးပြိုင်ပွဲမှာကျပ် သိန်း ၁ ထောင် ဆုရရှိထားသူလို့ သိရပါတယ်။ ဒါကြောင့် ယင်းအိမ်မှာ ယမ်းထားခွင့် စပ်ခွင့် ရရှိခဲ့တာက ပေါက်ကွဲမှုဖြစ်ခဲ့ရတာလို့ သိရပါတယ်။
မီးလုံး ခေါ် ဒုံးပြွန်ကို ငယ်ရင် ၀ါး၊ PVC ပိုက်တွေနဲ့ ပြုလုပ်ပြီး ကြီးပြီးရှည်ရင်သံပိုက်တွေနဲ့ပြုလုပ်တာဖြစ်ပြီး အဆင့်လိုက် ယမ်းထည့်သွင်းရာမှာ သူ့ထက်သူ့ ပိုကောင်းအောင်လို့ ကျည်ဆံယမ်း၊ အမြောက်ဆံယမ်းတွေ တဆင့်ချင်း တည့်သွင်းပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ကလောတစ်ဝိုက်မှာတော့ မီးလုံးကော်မတီက တပ်မ-၅၅ ရဲ့ခွင့်ပြုချက်၊ လက်မှတ်ရယမ်းဆရာတွေနဲ့ မီးလုံး ပြုလုပ်ပြီး လပြည့်လကွယ်ရက်တွေမှာ ဘုန်းကြီးကအစ မိန်းမ၊ကလေးတွေအဆုံး ရွာလုံးကျွတ် ငွေထည့်ဝင်ကြပြီး ပြိုင်ကြတယ်လို့ သိရပါတယ်။
လောင်းကြေးထည့်ငွေက ရှုံးရင် ထည့်သလောက်ပဲ ရှုံးပေမယ့် နိုင်ရင်တော့ ကျပ်သိန်းထောင်ချီ၊ ရာချီ နိုင်ကြတာဖြစ်လို့ ဒေသခံတိုင်းရင်းသားတွေ ပအိုဝ်း၊ ဓနု၊ တောင်ရိုး ရွာတွေမှာ နှစ်စဉ် ပြိုင်ပွဲကျင်းပနေကြတာလို့ ဆိုပါတယ်။
မီးလုံးဟာ ယမ်းစပ်ရင်း ထောင်းရင်း လွန်ဖောက်ရင်း ကွဲနိုင်သလို ပစ်စင်ကနေ ပစ်ခတ်စဉ်မှာလည်း ပေါက်ကွဲတာ၊ လိုရာမသွားပဲ ဖြစ်တာတွေကြောင့် ထိခိုက်ဒဏ်ရာ သေကြေနိုင်တဲ့ ပြိုင်ပွဲအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
MK-012








