မဲခေါင် မေ ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဟိုပုံးမြို့နယ်အတွင်း မေ ၁၅ ညနေ ညနေ ၃ နာရီ ပတ်ဝနန်းကျင်လောက်မှာ မိုးသက်လေပြင်း ကျရောက်စဉ် လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး လူတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ မိုင်းပျဉ်း ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းတစ်ဦးက “အိမ်ထဲမှာ ထိုင်နေတုန်း သူ့ခေါင်းပေါ် သစ်ကိုင်းပြုတ်ကျတာ။ ခေါင်းထိပြီး သွေးကမတိတ်ဘူး။ ဒဏ်ရာပြင်းပေမယ့် မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
မိုးသက်လေပြင်းကြောင့် ခေတ်ကာလပေါက်ဈေးအရ ငွေကျပ် သိန်းထောင်ချီ ပျက်စီးဆုံးရှုံးနိုင်ပြီး ကုန်းညောင်ရွာမှာ ပထမဆုံး ဖြစ်ပွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ကလည်း ဟိုပုံးမြို့ပေါ်မှာ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တချို့ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
MK-014








