မဲခေါင်၊ မေ ၁၅
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။
စစ်ဦးစီးချုပ်ဟာ လက်ရှိရှေ့တန်းစစ်မျက်နှာတွင် အဓိကတာဝန်ယူခဲ့သူ ဖြစ်ပြီး KIA ရဲ့လက်ရှိ စစ်ရေးအောင်မြင်မှုများရဲ့ အခရာကျသူတစ်ယောက်အဖြစ်အသိအမှတ်ပြုတယ်လို့ သဝဏ်လွှာမှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းက ဘေ့စ်ဂီတာတီးခတ်တတ်တဲ့ ဂီတပညာရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသပြောတတ်တဲ့ ကချင်ဗိုလ်ချုပ်များထဲမှ တစ်ဦးဖြစ်ကာ စကားတဲ့တိုးပြောတတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကောင်းသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“၁၉၃၆ ဇန်နဝါရီ(တလထဲမှာ) ကျနော်တို့ ၂ ယောက် လူ့လောကထဲ ရောက်လာခဲ့ကြတယ်။ ၂၀၂၃ မေ ၂၃ ရက် ညနေအထိ ကျရာတာဝန်တွေမှာ အုတ်တချပ် သဲတပွင့်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ “ငါတို့ ၂ ယောက်ပေါင်းရင် KIO အတွက် တရှည်းဖြစ်တယ်” လို့ သူပြောပါတယ်။ ခုတော့ သူကောင်းကင်ခရီးသို့ထွက်ခွာသွားပါပြီ။ ငါတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို ပွေ့ပိုက်ပြီး အဖဘုရားသခင်ရဲ့ ရင်ခွင်မှာ အေးချမ်းစွာ နားခိုပါသူငယ်ချင်း” လို့ KIO ရဲ့ ဗိုလ်ချုပ်ဂွန်မော်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းကြောင်းရေးသားထားပါတယ်။
KIA စစ်ဦးစီးချုပ် R ခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနဲ့ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံးက မေလ ၁၄ ရက်ကနေ ၁၆ ရက်အထိ သုံးရက်ကြာ အလံတိုင်တစ်ဝက်လွှင့်ထူဖို့ NUG က ညွှန်ကြားထားပါတယ်။
CJ -015








