မဲခေါင်၊ မေလ ၁၄ ရက်
ရှမ်းတောင်မိုင်းကိုမြို့နယ်က နောင်စံဖူးအုပ်စုထဲမှာစစ်မှုထမ်းတဲ့ အမျိုးသားနှစ်ဦးဟာထွက်ပြေးခဲ့တာကြောင့် ကျေးရွာကို SSPP တပ်ဖွဲ့က ကျပ်သိန်း ၁၀၀ တောင်းတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ထွက်ပြေးတဲ့ ၂ ယောက်ကလည်း သူ့မိသားစုတွေပါ အကုန်ထွက်ပြေးခဲ့တယ်။ မနေ့ညနေ နောက်ဆုံးပိုက်ဆံသွားပေးရတယ်၊ သိန်း ၁၀၀ ဆိုတာက ကျနော်တို့ ၃ နှစ် လောက်လုပ်တာတောင် ရချင်မှရတာ၊ ရွာကလူတွေ ကျွဲရှိတဲ့သူ ကျွဲရောင်းရတာပေါ့၊ မပေးရင် ရွာကလူတွေထပ်ဖမ်းမယ်လို့ ပြောတယ်။ အဲတာကြောင့် ပေးရတယ်” လို့ ပြောပါတယ်။
မိုင်းကိုင်မြို့နယ်ထဲက နောင်စံဖူးအုပ်စု ဖာခေါင်အုပ်စု ခေအုံးအွေ့အုပ်စု စုံလောအုပ်စု စတဲ့ ကျေးရွာအုပ်စုအများစုဟာ SSPP တပ်ဖွဲ့က စစ်မှုထမ်းဖို့ တစ်ရွာကို လူငယ် ၅ ဦး ထက်မနည်း စစ်မှုထမ်းဖို့သွားရပါတယ်။
ဖာခေါင်ကျေးရွာက ကိုရင်တစ်ပါးကိုလည်း မေလ ၃ ရက်နေ့မှာ မိုင်းကိုင်မြို့သွားရင်နဲ့ လမ်းမှာဖမ်းထားပြီး လမ်းမှာပဲ လူဝတ်လဲစေပြီး စစ်မှုထမ်းဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖာခေါင်ဒေသခံတစ်ဦးကပြောပါတယ်။
“ကိုရင်က မြို့ပေါ်မှာပစ္စည်းသွားဝယ်တာ၊ ရွာနဲ့မြို့သွားရင် SSPP ဂိတ်အများဖြတ်ရတယ်။ ကိုရင်က အရပ်ရှည်တယ်၊ ထွားတော့ သူတို့ခေါ်သွားတယ်။ ကိုရင့်မိဘတွေ စိတ်ဘယ်ကောင်းမှာလဲ။ ငယ်ငယ်ကတည်းက ကိုရင်ဝတ်ပေးတာ အခုစစ်မှုထမ်းဖို့ခေါ်သွားတာ ပြန်လွှတ်ပေးဖို့ပဲ တောင်ဆိုထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ကိုရင်ဟာ အသက် ၁၈ နှစ်ဝန်းကျင် ဘွဲ့အမည် ရှင်ဝေပုလ္လ ဖြစ်ပြီး ဖါခေါင်ကျေးရွာနဲ့ လွယ်လန့်ကျေးရွာကြားမှာ SSPP တပ်ဖွဲ့တွေနဲ့ ဆုံခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောပါတယ်။
စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့သူတွေများတာကြောင့် ကျေးရွာအများစုဟာ ဖမ်းဆီးမှုတွေ မကြာခဏကြုံရလို့ မိသားစုအလိုက် ထိုင်းနိုင်ငံနဲ့ ရှမ်းတောင်နမ့်စန်မြို့နယ် ဝမ်မိုင်းကျေးရွာမှာ စစ်ရှောင် ၅၀၀ ကျော်ထိ ရှိလာခဲ့ပါတယ်။
MK-011
#MeKongNews
#စစ်မှုထမ်း
#SSPP
#မိုင်းကိုင်
#ရှမ်းတောင်
ဓာတ်ပုံ – ပုံဟောင်း (SSA တည်ထောင်ခြင်း နှစ်(၆၀) ပြည့်အခမ်းအနားမှ)








