မဲခေါင်၊ မေ ၁၄
ကရင်နီပြည်၊ ဖားဆောင်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၅ ကာကင်းစခန်းကုန်းတခုကို မေလ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
“ခလရ ၁၃၅ ကာကင်းစခန်းကို မနက် ၁၀နါရီလောက်မှာ စတင်ပြီး ၁၀ နာရီခွဲကျော်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၃၄ /၁၃၅ တပ်ရင်းရဲ့ ကာကင်းစခန်းကုန်းပေါ့။ အဲ့တပ်ရင်း နှစ်ခု မကျဖို့အရေးကို လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေ ဆက်တိုက် သုံးနေတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖက်က စခန်းကုန်းကို စွန့်ခွာ ထွက်ပြေးသွားကြပြီး အီနာကျည်၊ G3ကျည်၊ MAကျည်၊ ကျည်ဘောက်တွေ၊ လက်ပစ်ဗုံးတွေနဲ့ မိုင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲကို ကလလတ ဗျူဟာ ၁ က ဦးဆောင်ပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အထူးကွနိမန်ဒိုတွေ ပါဝင်တိုက်ခိုက်တာလို့ သိရပါတယ်။
ဖားဆောင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးတာတွေရှိကာ ကာကွယ်ရေးတပ်ဖက်က ထိခိုက်မိတာတွေရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၁၃၄ /၁၃၅ တပ်ရင်းအနီးနားက ကာကင်းစခန်းကုန်း ၉ ခုအထိ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
CJ004








