မဲခေါင် မေ ၁၃
တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုင်ကယ်ခိုးမှုတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပေမယ့် ဆိုင်ကယ်ပျောက်တာ နေ့စဉ်နီးပါးဖြစ်တဲ့အပြင် သုံးဘီး(ဆမ်လော့)အပြင် ကားလုယက်မှုတွေပါဖြစ်ပေါ်နေတာပါ။
မေလ ဒုတိယပါတ်အတွင်း ဆိုင်ကယ်သူခိုး ၁၃ စီးနဲ့အတူ သူခိုး ၄ ယောက်ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး ရပ်ထားတဲ့ သုံးဘီး(ဆမ်လော့)အပြင် ကားလုယက်မှုပါ ထပ်ဖြစ်တာပါ။
သုံးဘီး(ဆမ်လော့)ကို ညဘက် နေအိမ်အနီး ရပ်ထားတာကို ခိုးယူသွားပြီး မနေ့ကလဲ အမျိုးသမီးတစ်ဦး အာခါဈေးအတွင်း ဈေးဝယ်ချိန် ကားလုယက်မောင်းနှင်ခံရတယ်လို့ လူမှုကွန်ယက်မှာ ရေးသားထားတာတွေ့ရပါတယ်။
ဆိုင်ကယ်ခိုးယူမှုတွေကို CCTV မှတ်တမ်းနဲ့အတူ ရဲတပ်ဖွဲ့ တိုင်ကြားပေမယ့် ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ပျောက်ဆုံးသူကိုယ်တိုင် လိုက်လံစုံစမ်းနေရပါတယ်။
ဆိုင်ကယ်ခိုးခံရသူတစ်ဦးက “ပျောက်တာနှစ်စီးရှိပြီ တိုင်ချက်လဲဖွင့်ထားတယ်၊ သူခိုးပုံလဲပြထားတယ် ဒါကိုမမိဘူး။ အရင်က ဆိုင်ကယ်တွေပျောက်ပေမယ့် အခုလောက်မဆိုးဘူး၊ အခု လမ်းဘေးကွမ်းဝယ်ရင်တောင် ကိုယ့်ဆိုင်ကယ်ကိုယ် သေချာပြန်ကြည့်နေရတယ်၊ လုံးဝကို စိတ်မချရတော့ဘူး တာချီလိတ်က ရဲတွေလဲ သေချာအလုပ်မလုပ်ကြဘူး၊”လို့ ပြောပါတယ်။
မြို့ပေါ်နဲ့ အနီးကျေးရွာတွေက ခိုးယူခံရတဲ့ ဆိုင်ကယ်တွေဟာ ညဘက် ခိုးယူမှုတွေအပြင် အခုနောက်ပိုင်း နေ့ဘက်ပါ အုပ်စုလိုက် လိုက်လံခိုးယူနေတာပါ။ ခိုးယူခံရတဲ့ ဆိုင်ကယ်တွေကို မြန်မာပြည်မအတွင်း ကားနဲ့စီးလုံးပြည့်တင်သွားတာတွေလဲ ရှိပြီး သူခိုးလက်ခံ ဝယ်ယူသူတွေကို ဖမ်းဆီးနိုင်ဖို့ လိုအပ်နေတာပါ။
တာချီလိတ်မြို့ပေါ်အတွင်း ခိုးယူလုယက်မှုတွေဟာ ယခု နှစ်ပိုင်းအတွင်း အလုပ်လက်မဲ့ ဆေးသုံးစွဲသူ လူငယ်တွေပိုမိုများပြားလာတာကြောင့် ဖြစ်ပြီး လမ်းဘေး မူးယစ်ဆေးသုံးစွဲလို့ရတဲ့ ငါးဂိမ်းခုံတွေလဲ အရင်ကထက်ပိုများလာတယ်လို့ သိရပါတယ်။
MK-002








