မင်းအောင်လှိုင်တပ်ဆီ မပြန်လိုဘဲ ပြန်တိုက်ချင်သူတွေလည်း ရှိတယ်လို့ဆို
မဲခေါင်၊ မေ ၁၃
၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၄၁ ယောက်ကို ဆေးဝါး ကုသပေးပြီး ခရီးစားရိတ်ပေးလို့ မေ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး စစ်သုံ့ပန်း ၄၁ ယောက်ကို နေရပ်ပြန်ကြဖို့ ခရီးစားရိတ်တွေ ပေးပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
MNDAA ဘက်က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီ ရှိနေသေးပြီး ဒီပြန်လွှတ်ပေးမှုဟာ ပထမအဆင့်ဖြစ် ကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ သုံ့ပန်းတွေအပေါ် ဆေးကုသပေးမှု၊ စားသောက်နေထိုင်မှု၊ စိတ်ပိုင်းဆိုင်ရာတွေ ကုသပေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။
သုံ့ပန်းတွေထဲမှာ ခံတိုက်ရင်း ဖမ်းဆီးရမိသူတွေရှိသလို ဒဏ်ရာရပြီး ခံမတိုက်နိုင်ပေမယ့် စစ်ကောင်စီတပ်တွေက စွန့်ပစ်သွားလို့ ဖမ်းမိသူတွေလည်း အများအပြားရှိတယ်လို့ MNDAA ထုတ်ပြန်ချက်က ဆိုပါတယ်။
တချို့စစ်ကောင်စီ သုံ့ပန်းတွေဟာ တပ်တွင်း အနိုင်ကျင့်မှု၊ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှု၊ တိုင်းပြည်ဖွံ့ဖြိုးမှုနောက်ကျစေဖို့ မကောင်းတာတွေ လုပ်နေတဲ့ မင်းအောင်လှိုင် စစ်တပ်ဆီ မပြန်လိုဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်တိုက်ပွဲဝင်ချင် သူတွေ ရှိကြောင်းလည်း MNDAA တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
မြောက်ပိုင်းညီနောင် ၂ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်း(ပလောင်)တပ် TNLA နဲ့ ရခိုင်တပ် (AA)တို့အပါအဝင် တော်လှန်ရေးလက်နက်ကိုင်ပေါင်းစုံ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ပါတယ်။
ဒါအပြင့် လက်နက်ချသူ ထောင်ချီရှိကာ လောက်ကိုင် ဒ.က.စ ကိုယ်တိုင် လက်နက်ချမှုဟာ အာဏာသိမ်းထားတဲ့ စစ်တပ်သမိုင်းမှာ အများဆုံးဖြစ်ကြောင်း လေ့လာသူတွေက ပြောဆိုထားပါတယ်။
လက်နက်ချလိုက်တဲ့ အရာရှိတွေကိုလည်း မင်းအောင်လှိုင်က ဖမ်းဆီးအရေးယူ ထောင်ချထားပါတယ်။
MKF-001








