မဲခေါင်၊ မေ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်းက ကျေးရွာအုပ်စုအချို့မှာ စစ်တပ်၊ PNO၊ ထွေအုပ်နဲ့ လဝကအရာရှိတွေက စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမယ်လို့ဆိုကာ ကျေးရွာအုပ်စုတွေကို စိတ်တိုင်းကျ ငွေတောင်းနေတယ်လို့ သိရပါတယ်။
ကျေးရွာတစ်အုပ်စု နဲ့ တစ်အုပ်စု ငွေကောက်ခံတဲ့ ပမာဏဟာ ၂ ဆလောက်ထိ ကွာခြားတာကြောင့် ရွာဒေသခံတွေအချင်းချင်းကြား မကျေနပ်မှုတွေဖြစ်နေကြပေမယ့် ဘယ်ကိုမှတိုင်မရဘဲ ၎င်းတို့တောင်းတဲ့ငွေကိုသာ ပေးနေရတယ်လို့ သိရပါတယ်။
“ လုပ်စားကိုင်စားရခက်တဲ့ကြားက PNO က တောင်းလိုက်၊ အခုစစ်တပ်ကပါ စစ်မှုမထမ်းရဘူး ဒီတစ်နှစ်စာဆိုပြီး ငွေ ၄သောင်းတောင်းနေကြတယ်။ ပန့်ပုံးရွာဆို ပအိုဝ်းလူမျိုးရွာပဲ။ သူတို့ရွာက ၅ သောင်း တစ်အိမ်ကို။ ၈ သောင်းထည့်ရတဲ့ ရွာတွေက တောင်ကြားရွာ၊ စမ်းချောင်း(စင်ချောင်း)ရွာ၊ သိမ်ကုန်းရွာ။ အဲ့ထဲမှာ ပန့်ပုံးက ၅ သောင်းပဲထည့်ရတယ်” လို့ သံတဲတိုက်နယ်အတွင်းနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အခုလို စစ်မှုထမ်းကင်းလွတ်မယ်လို့ အကြောင်းပြပြီး စိတ်တိုင်းကျ ငွေတောင်းခံနေရတာကတော့ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တကြောက သံတဲကျေးရွာအုပ်စု၊ သံသေကျေးရွာအုပ်စု၊ မိုင်းသော်ကျေးရွာအုပ်စု၊ လွယ်တော်ကျေးရွာအုပ်စု၊ ကျောက်နီကျေးရွာအုပ်စု၊ စမ်းချောင်း(စင်ချောင်း)ကျေးရွာအုပ်စုတွေ ပဲဖြစ်ပါတယ်။
အဲ့ဒီရွာတွေကို မေလ ၁၀ ရက်နေ့ကစပြီး ငွေ ၄ သောင်းကနေ ၈ သောင်းအထိ ကောက်ခံနေတာဖြစ်ပါတယ်။ ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဘယ်သူတွေကောက်တယ်ဆိုတာ သေသေချာချာမပြောပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က သံတဲအုပ်စုကို တောင်ကြီး နဲ့ ရွှေညောင်က စစ်ကောင်စီတပ်သား၊ ရဲ၊ လဝက၊ ထွေအုပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)တွေ အယောက် ၆၀ ခန့် လာရောက်ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
“ ရွာလူကြီးပြောတာတော့ ငွေလေးသောင်းထည့်တာ မများပါဘူးတဲ့။ တခြားရွာဆို ၈သောင်းတောင်ထည့်ရတာ။ PNO က ၄သောင်း၊ စစ်တပ်က ၄ သောင်းတဲ့။ ငွေလေးသောင်း မထည့်တဲ့သူကို စစ်ကောင်စီ၊ ရဲ၊ လဝက၊ ထွေအုပ်၊ PNO လာရင် ဘယ်အိမ်ကမပေးဘူးဆိုတာ လိုက်ပြမယ်တဲ့လေ ငွေသွားထည့်တော့ ရွာလူကြီး ဦးစိုးနိုင်ကပြောတာ” လို့ သံတဲရွာဒေသခံတစ်ဦးက ပြောပြပါတယ်။
ပအိုဝ်း၊ ဓနု၊ ဗမာ၊ တောင်ရိုး လူမျိုးအများစု နေထိုင်ပြီး ဆီနေကြာ၊ ပြောင်း၊ ကြံ၊ ဟင်းသီးဟင်းရွက်နဲ့ ဘုရားပန်းစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ အချို့ရွာတွေမှာတော့ အရက်ချက်စက်ရုံတွေရှိတာကြောင့် စက်ရုံဝန်ထမ်းအဖြစ် လုပ်ကိုင်ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကလည်း အဲ့ဒီကျေးရွာတွေကို PNO က ထောက်ပံ့ကြေးကောက်ခံခဲ့သလို စစ်တပ်ကလည်း စစ်မှုထမ်းသွားမယ့်သူတွေအတွက် တစ်အိမ် ၁ သောင်း ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
CJ001








