မဲခေါင်၊ မေ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် မေ ၁၂ ရက်နေ့ မနက်ပိုင်းက သိန်းတစ်သောင်းကျော်တန်ဖိုး ဓားပြတိုက်ခံရကြောင်း သိရပါတယ်။
သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်မှာရှိတဲ့ “ရွှေချိန်ခွင်”ရွှေဆိုင်ကို မေလ ၁၂ ရက် ၁၁ နာရီခွဲခန့်က ဓားပြတိုက်ခံရတာဖြစ်ပြီး ရွှေထည်နဲ့ ငွေသားတွေေ ပါသွားတယ်လို့ သိရပါတယ်။
“ဓားပြက ၄ ယောက် ကားနဲ့ သေနတ် တွေပါတယ်၊ ကားပေါ်မှာ ၁ ယောက် စောင့်ပြီး ၃ ယောက် က ဆိုင်ထဲဝင်လာလာချင်း မှန်တွေကိုရိုက်ခွဲပြီး ဆိုင်ရှင်ကို သေနတ်ထုတ်ချိန်ပြီး ငွေနဲ့ရွှေတွေ လုသွားတာ” လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဓားပြ တွေက သေနတ်အတိုကိုယ်စီပါပြီး ဆိုင်ထဲက မှန်ကောင်တာကိုရိုက်ခွဲကာ အော်မယ်လုပ်တဲ့ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ပြီး နောက် ဆိုင်အတွင်းမှရှိတဲ့ ရွှေထည်တွေနဲ့ ငွေသား ကျပ်သိန်း ၁၀၀ ကျော်ကို လုယက်သွားတာလို့ ပြောပါတယ်။
ဓားပြတွေဟာ လုယက်ပြီးနောက် စျေးထောင့်မှာရပ်ထားတဲ့ ကားနဲ့ မောင်းထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“သီပေါမှာ ဥပဒေစိုးမိုးမှုမရှိသလောက်ဖြစ်နေတာ၊ အခုလဲ သေနတ်တွေနဲ့ဆိုတော့ ဒီလောက် လက်နက်ကိုင်အဖွဲ့တွေများတဲ့ကြားက လာလုပ်တာ တော်တော်ရဲတဲ့အဖွဲ့ပဲ”လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
၂၀၂၃နဲ့ ၂၀၂၄ ခုနှစ်အတွင်း သီပေါမြို့ပေါ် ရွှေဆိုင်နဲ့ ဘဏ်ဓားပြတိုက်ခံရမှုပေါင်း (၅)မှုရှိပြီး ရွှေဆိုင်တွေဖြစ်တဲ့ ရွှေသြဇာဆိုင်(၁)ကြိမ်၊ ရီရှင်းရွှေဆိုင် ၂ ကြိမ်၊ နန်းလှရင်ရွှေဆိုင်(၁)ကြိမ်နဲ့ အခု ရွှေချိန်ခွင်ရွှေဆိုင်(၁) အပါအဝင်၊ ကမ္ဘောဇဘဏ်ကိုလဲ (၁)ကြိမ် ဓါးပြတိုက်ခံရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
MK-012








