မဲခေါင်၊ မေ ၁၁
ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃) အဖြစ် သင်တန်းဆင်းပေးနိုင်ခဲ့ပြီလို့ KPPA က ထုတ်ပြန်ထားပါတယ်။
အပတ်စဉ် (၁) နဲ့ (၂) ကို KPPA၊ The Present Team နဲ့ ကယားတပြည်နယ်လုံးဆိုင်ရာ ဆရာများသမဂ္ဂ အဖွဲ့တွေက ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပတ်စဉ် (၃) မှာတော့ KPPA နဲ့ The Present Team တို့က ဦးဆောင်ဖွင့်လှစ် ခဲ့တယ်လို့ သိရပါတယ်။
KPPA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “အဓိက က ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေတဲ့လူငယ်တွေ အတွက် ရည်ရွယ်တာပါ၊ သင်ကြားသင်ယူချင်တဲ့ လူငယ်တိုင်းက လာပြီးတော့ သင်လို့ ရတယ်ပေါ့နော်၊ လူငယ်ဖြစ်ရင်ရပြီ ကျန်တဲ့သတ်မှတ်ချက်တွေ မရှိဘူး” လို့ ပြောပါတယ်။
အပတ်စဉ် (၁) နဲ့ (၂) ကို ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ပြုလုပ်ခဲ့ပြီး အပတ်စဉ် ၁ ခုစီမှာ သင်တန်းသား ဦးရေ ၆၀ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အပတ်စဉ် ၃ ကိုတော့ သင်တန်းသား ၃၄ ဦးနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတစ်ရွာမှာ ၈.၄.၂၀၂၄ ကနေ ၅.၅.၂၀၂၄ အထိ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သင်တန်းတာဝန်ခံတွေဆီက သိရပါတယ်။
“အခုကျနော်တို့ ၃ ကြိမ်မြောက်မှာ ကျနော်တို့ ၂ ဖွဲ့ပဲ ကျန်တဲ့အတွက် ကွန်ပျူတာတွေလည်း မလုံလောက်ဘူးပေါ့နော်၊ ကျန်တဲ့ ဆရာ ဆရာမတွေရဲ့ အဲ့ဒီဒေသမှာ သွားရောက်ပြီးတော့ နေဖို့ထိုင်ဖို့ ကိစ္စရပ်တွေ၊ ကွန်ပျူတာသင်တန်းဖွင့်တဲ့ချိန်မှာ အထောက်အပံ့ပေးတဲ့ ပစ္စည်းတွေအားနည်းတဲ့အတွက် ဒီတကြိမ်မှာ တက်ရောက်သူလူဦးရေ နည်းသွားတယ်လို့ယူဆမိတယ်၊ နောက်၁ကြိမ်ဖွင့်မဲ့ချိန်မှာ ဆိုရင်ပေါ့ ကျနော်တို့ကို ကွန်ပျူတာတွေလှူဒါန်းနိုင်တဲ့လူတွေပဲဖြစ်ဖြစ်၊ ဓာတ်ဆီတွေကို ကူညီထောက်ပံ့တဲ့ လူတွေပဲဖြစ်ဖြစ်၊ ငွေကြေးပိုင်း ဆိုင်ရာကူညီတဲ့လူတွေပဲဖြစ်ဖြစ် သူတို့ဆီကနေအကူညီရရင်တော့ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ပိုပြီးတော့ သင်တန်းတွေ ပို့ချပေးနိုင်မယ်လို့တော့ ကျနော်တို့ယူဆရတယ်ပေါ့နော်” လို့ KPPA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက ဆက်ပြောပြပါတယ်။
KPPA အနေနဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက် သင်တန်းပို့ချပေး နေတာဖြစ်ပြီး ရှေ့ဆက်ဖွင့်လှစ်မဲ့ အပတ်စဉ်တွေမှာလည်း ပူးပေါင်းကူညီဆောင်ရွက်လိုသူတွေကို ဖိတ်ခေါ်ထား ပါတယ်။
ဒါ့အပြင် နိုင်ကျဉ်းတွေကို ကူညီဆောင်ရွက်တာ၊ စစ်ရှောင်အရေးတွေမှာ ကူညီဆောင်ရွက်တာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မှတ်တမ်းတင်စောင့်ကြည့်နေတဲ့ ကိစ္စရပ်တွေကိုလည်း လုပ်ဆောင် နေတယ် လို့ ကိုထားဖိုးက ပြောပါတယ်။
MK-015








