မဲခေါင်၊ မတ် ၁၅
KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး တပ်မ ၈၈ တပ်မမှူး ကိုယ်တိုင်ကွပ်ကဲတဲ့ ဘွမ်ရေတောင် စစ်ကောင်စီတပ်စခန်းကနေ စခန်းတခုလုံး ဒီနေ့ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းခန့် ထွက်ပြေးသွားလို့ KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“မနက်ကတည်းကတောင် ထွက်သွားကြတာကို ရှိနေသေးမယ်ထင်နေတာ။ ချက်ချင်း မဝင်ပဲနဲ့ သတိကြီးကြီးနဲ့ ဖြည်းဖြည်းလေး စခန်းထဲ ဝင်လာတော့ စစ်ကောင်စီတွေ မရှိတော့ဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
မတ်လ ၁၃ နဲ့ ၁၄ ရက် ၂ ရက် ဆက်တိုက် KIA နဲ့ ပူးပေါင်းအဖွဲ့က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ ဒီနေ့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က သိမ်းလိုက်တာလို့ သူက ပြောပါတယ်။
အဲဒီ စစ်ကောင်စီစခန်းဟာ လိုင်ဇာအနီးက အရေးကြီး ဗျူဟာကျတဲ့တပ်စခန်းကြီးတခုဖြစ်ပြီး တပ်မ ၈၈ တပ်မမှူး ထိုင်တာဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်လမ်းဘက် ပေါက်နိုင်တဲ့ နားလုံ ရှဒန်ပါ အဆင်းလမ်းက လုံရော့ခ် ဆိုတဲ့ စစ်ကောင်စီခန်းဘက် ထွက်ပြေးသွားတာလို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။
“အဆင်းလမ်းဘက် တလျှောက်လုံး ကျနော်တို့ လူတွေကြီးပဲ။ သူတို့ တစ်ယောက်မှတောင် ကျန်ဖို့ မသေချာဘူး။ အကုန်ကုန်မှာ” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
လိုင်ဇာအနီး ဝန်းကျင်က တောင်ကြောတလျှောက် ကုန်းတိုင်းနီးပါး စစ်ကောင်စီစခန်းတွေ၊ ကာကင်းပို့စ်တွေ ရှိပေမယ့် လက်ရှိ အရေးပါတယ်လို့ ပြောလို့ရတဲ့ လုံရော့ခ် နဲ့ နာဖော့ စစ်ကောင်စီ စခန်း ၂ ခုသာ ကျန်တော့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ မတ်လ ၁၅ ရက်နေ့မှာပဲ လိုင်ဆင်အနီး ပါဂျိုတောင်ဘက်က ဗန္ဓုလပို့စ်လို့ခေါ်တဲ့ လီဆူပါဂျိုပို့စ်ကိုလည်း KIA ဘက်က သိမ်းပိုက်နိုက်ခဲ့တယ်လို့ နောက်ထပ် KIA သတင်းရင်းမြစ် တစ်ဦးက ပြောကါတယ်။
“စစ်ကောင်စီတွေ ထွက်ပြေးစွန့်ခွာသွားတဲ့ ပါဂျိုတောင်နားက လီဆူပါဂျို စစ်ကောင်စီစခန်း နေ့လယ် ၁၂ နာရီခွဲ့ခန့်က သိမ်းလိုက်တာ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မနက် အစောပိုင်းကစ လိုင်ဇာအနီးနဲ့ ဗန်းမော် – မြစ်ကြီးနား လမ်းကြောင်းတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင် မဟာမိတ် တပ်ဖွဲ့တွေက တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်လာရာ တပတ်အတွင်း စစ်ကောင်စီတပ်စခန်း ကြီး ငယ် ၂၅ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
CJ – 008








