မဲခေါင်၊ မတ် ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ မာလာမြိုင်လမ်းမှာ စကားရပ်ပြော နေသူတွေကို အမျိုးသား ၂ ဦးက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာ လူ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်၊ နေ့လယ် ၂ နာရီခွဲကျော်က ပျူစေထီးခေါင်းဆောင် ရာအိမ်မှူး ကျော်ဇော်ဟိန်း ကို သေနတ်နဲ့ လာရောက် ပစ်ခတ်စဉ် အခြား လူတွေနောက် ပုန်းနေလို့ လာပစ်သူ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“ ရုံးရှေ့က ငါးဆိုင်နားမှာ သူတို့ ၇ ယောက်လောက် စကားပြောနေကြတာ။ ဆိုင်ကယ်နဲ့ ရောက်လာပြီး ပစ်တော့ ဒီကောင်က တစ်ခြားသူတွေကြားထဲ ဝင်ပြေးပုန်းတာ။ လာပစ်တဲ့ သူတွေက အခြားလူတွေ ထိမှာစိုးလို့ မပစ်ဘဲ ပြန်သွားကြတာ။ ဒီတစ်ခါတော့ ကံကောင်းပြီး မသေသွားဘူး” လို့ သူကပြောပါတယ်။
ရာအိမ်မှူး ကျော်ဇောဟိန်း ဟာ ရပ်ကွက်အတွင်း အုပ်ကြီး၊ စစ်ကောင်စီနဲ့ ပေါင်းကာ ရပ်ကွက်နေ ပြည်သူများကို အမှုဆင် ငွေကြေးရှာစားနေသူ ဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ဖြစ်သလို စစ်ကောင်စီ ပေးထားတဲ့ သေနတ် ကိုင်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပစ်ခံရလို့ ကျော်ဇော်ဟိန်း ခြေထောက်မှာ သေနတ်ဒဏ်ရာ ၂ ချက်၊ ပြည့်ဖြိုးအောင် ဆိုသူ ဝမ်းဗိုက်ထိမှန် ဒဏ်ရာနဲ့ မင်းခန့်ကျော် မှာတော့ ကျောကုန်း သေနတ် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။
ပုံ-ပုံဟောင်း
MK-005