မဲခေါင်၊ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဝေဇယန္တာ (၁၂) လမ်းမှာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓမ္မာရုံအနီး ပါဆယ်ဗုံး တွေ့လို့ သာကေတ (၆) အနောက်၊ (၃၆) ကျောင်းတွင်း ကွင်းပြင်မှာ စစ်တပ်က ဒီမနက် ၉ နာရီကျော်မှာ လမ်းတွေ ပိတ်ကာ ဖောက်ခွဲလိုက်ပြီးနောက် အုပ်ကြီးတွေက ရပ်ကွက်ရုံးမှာ ထိုင်ပြီး မဲစာရင်း ကောက်ခံနေတယ်လို့ ဒသခံ တစ်ဦးက ပြောပါတယ်။
“ သူတို့ဘာသာ ရှာတွေ့ပြီး သူတို့ဟာ သူတို့ ဖောက်ကြတာ။ စစ်ကား ၆ စီးနဲ့ ရောက်လာပြီး ကျောင်းထဲမှာ ဖောက်ခွဲသွားတယ်။ ဘယ်သူမှတော့ လာထားတယ် မထင်ပါဘူး။ သူတို့ပဲ မြင်တာဆိုတော့ သူတို့ဟာ သူတို့ ထောင်ထားတာ ဖြစ်မယ်” လို့ သူကပြောပါတယ်။
စစ်တပ်က လမ်းတွေ ပိတ်ကာ ဗုံးဖောက်ခွဲပြီးနောက် သာကေတ ရပ်ကွက် အတွင်းက လူဦးရေ စာရင်းတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်ဆင်း မကောက်တော့ဘဲ ရပ်ကွက်ရုံးမှာ ထိုင်ကာ စာရင်းတွေ ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အနော်မာ (၁) ထဲမှာတော့ လမ်းထဲက ကလေးတွေနဲ့ ရာအိမ်မှူးတွေ လိုက်ကောက်နေတယ်။ အုပ်ကြီးနဲ့ လဝက ကကောင်တွေကတော့ အုပ်ချုပ်ရေးမှူးရုံးမှာ ထိုင်စောင့်နေကြတယ်။ တစ်ခြား ရပ်ကွက်တွေလည်း အဲ့လို လုပ်နေတယ် ကြားတယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
အခု ညနေ ၄ နာရီကျော် ကလည်း သာကေတမြို့နယ် အတွင်း ဗုံးပေါက်ကွဲသံ ထွက်ပေါ်ခဲ့ ပေမယ့် ဘယ်နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့ကတော့ တာမွေမြို့နယ်မှာ မဲစာရင်း လိုက်ကောက်တဲ့ အဖွဲ့ ဗုံးနဲ့ထုခံရပေမယ့် လူထိခိုက်တာတော့ မရှိခဲ့ပါဘူး။
MK-005
ဓာတ်ပုံ – ပုံဟောင်း ဖြစ်ပါတယ်။