မဲခေါင်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ မီးပွိုင့်မှာ ဒီကနေ့ ဖေဖော်ရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းနဲ့ ဓာတ်ပုံ ရိုက်နေတဲ့ လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က အသံတိတ်သပိတ် ကျင်းပနေတဲ့ လမ်းတွေကို ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးနေစဉ် လှည့်ကင်း ပတ်နေတဲ့ စစ်ကား တစ်စီး ရောက်ရှိလာပြီးနောက် ဖုန်းတွေ စစ်ဆေးကာ ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“ ရိုက်တာနှက်တာတော့ လုပ်တာ မရှိဘူး။ သူတို့ ၂ ယောက်ကို စစ်ဆေးပြီးတော့ ခေါ်သွားတာ။ လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးနေတာ တွေ့တယ်။ လူငယ် ၂ ယောက်၊ အသက် ၂၀ ကျော်လောက်ပဲ ရှိမယ်။ လူရှင်းနေတော့ အကုန်မြင်နေရတာ” လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
အဲဒီ လူငယ် ၂ ဦးကို စစ်သားတွေက စစ်ကားပေါ် တင်ပြီးနောက် သမိုင်းလမ်းဆုံ မီးပွိုင့်မှ ဘုရင့်နောင် လမ်းဆုံဘက်သို့ စစ်ကားတွေ မောင်းနှင်သွားတာ တွေ့လိုက်တယ်လို့ သူကပြောပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီ ဝန်းကျင်ကလည်း တာမွေမြို့နယ် ဇောတိကလမ်းမှာ လူငယ် တစ်ဦးကို အုပ်ကြီး ရုံးခန်းဘေး ခေါ်သွားပြီး အရပ်ဝတ်နဲ့ စစ်သား ၄ ဦးက ဝိုင်းဝန်း ရိုက်နှက်ကာ “ ဓာတ်ပုံရိုက်ရင် ပြဿနာ တက်သွားမယ်” လို့ ပတ်ဝန်းကျင်ကို ပြောဆို အော်ဟစ်ဆဲဆို သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK-005
#MekongNews
#သမိုင်းလမ်းဆုံ
#အသံတိတ်သပိတ်
#ဖမ်းဆီး