မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ (၉) တပ်ရင်းမှူး နေအိမ်နဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Hawk Revolution Squad –HRS က မနေ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်က စစ်သားတွေ တပ်စွဲထားတဲ့ ခမရ တပ်ရင်း (၉) အတွင်းရှိ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံး အသုံးပြုပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနဲ့ တပ်ရင်းမှူး နေအိမ် အဆာက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မိုး ကောင်းဘုရားနဲ့ ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ဖို့ လာရောက်တဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီ ၁၅ မိနစ်က ဒေသခံ ကာကွယ်ရေးတပ်တွေ ကြိုတင်စောင့်ဆိုင်းကာ မိုးကောင်းဘုရားနဲ့ ဖော်ဖကျေးရွာ အနီးမှာ ကင်းပုန်းဝပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ပြီး ၄၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကာ ကားတစ်စီး ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းဖို့နဲ့ ကင်းပုန်းထပ်ချဖို့ လာရောက်စဉ် ကာကွယ်ရေးတပ်က ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခမရ (၉) တပ်ရင်းကိုပါ တစ်ဆက်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း (၂) တပ်ခွဲ (၃) နဲ့ PDF တပ် ရင်း (၂) တပ်ခွဲ (၃) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
MK-003
#MeKongNews
#သထုံမြို့နယ် #ခမရ (၉) #ဒရုန်း